အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား အယောက် ၂၀ ကို နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ဆီ ပြန်လည် လွဲပြောင်းပေးခဲ့တယ်လို့ The Territorial News(TTN) သတင်းဌာနမှာ ဖော်ပြပါတယ်။
ငါးဖမ်းသမားတွေဟာ နိုဝင်ဘာလ ၅ ရက်က ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းနေချိန် ဘင်္ဂလား-မြန်မာနယ်စပ် သုညမျဉ်းကို အမှတ်မထင်ဖြတ်ကျော်မိပြီး မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ ကြတယ်လို့ဆိုပါတယ်။
ဒါကြောင့် အာရက္ခကမ်းခြေစောင့်တပ်က ခွင့်ပြုချက်မရှိဘဲ တရားမဝင် ခိုးဝင်လာတယ်ဆိုပြီး ဖမ်းဆီးကာ ပါလာတဲ့ စက်လှေတွေကိုပါ သိမ်းဆည်းသွားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က အာရက္ခကမ်းခြေစောင့်တပ်နဲ့ ဆွေးနွေးပြီး ၂ ရက်အကြာမှာ အခုလိုပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ငါးဖမ်းသမားတွေနဲ့အတူ သိမ်းဆည်း သွားတဲ့ စက်လှေ ၁၅ စီးကိုလည်း ပြန်လည်ရရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ ငါးဖမ်းသမား အယောက် ၂၀ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မိသားစုတွေဆီ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ဟာ ပင်လယ်ဓားပြအဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၇ ရက်နေ့မှာ အာရက္ခကမ်းခြေစောင့်တပ်က မောင်တော မြို့နယ် ကျောက်ပန္ဒူကမ်းခြေနားမှာ အဲဒီငါးဖမ်းသမားတွေကို ကယ်တင်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
Source: TTN