ဆောင်းရာသီဝင်ရောက်လာပြီ ဖြစ်တာကြောင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေး အခက်အခဲအပြင် စောင်နဲ့ အနွေးထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ရခိုင်က စစ်ဘေးရှောင်တွေဟာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရပြီး စားဝတ်နေရေး ခက်ခဲနေကြတာကြောင့် အအေးဒဏ်ကိုကာကွယ်ဖို့ စောင်နဲ့ အနွေးထည်ဝယ်ဖို့ မတတ်နိုင်ဘူးလို့လည်း သိရပါတယ်။
ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း ဒါရိုက်တာက “အဓိကက စားဝတ်နေရေး အခက်အခဲက အရေးကြီးဆုံးပါ။ နောက်ထပ် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ နေရာတွေ မရှိတာရယ်၊ ဆေးဝါးတွေက အဆမတန် ဈေးတက်နေတာကြောင့် ကျန်းမာရေးနဲ့ စားဝတ်နေရေးက အခက်အခဲ ဖြစ်နေကြတာပါ။ စားဝတ်နေရေး အဆင်မပြေတော့ တောင်းရမ်းပြီး စားသောက်နေကြတာကို တော်တော်များများ တွေ့လာရတယ်။ အခုက ဆောင်းကလည်း ဝင်လာပြီ၊ နေရာသစ်ကို ရောက်နေကြတာဆိုတော့ အရင်ကနေခဲ့တဲ့နေရာနဲ့ ရာသီဥတု မတူတာရှိမယ်၊ ဒီ တောင်းရမ်းစားသောက်နေရတဲ့ မိသားစုက တရက်မှာ ဘယ်လောက်ထိ ရနိုင်မှာလဲ၊ လက်ရှိ ဈေးကွက်ထဲမှာလည်း စောင်က တထည်ကို ၂၅,၀၀၀ ကနေ ၄၀,၀၀၀ အထိ ပေါက်ဈေးရှိနေတယ်။ အဲဒါကြောင့် စောင်ဝယ်ဖို့အတွက် ဘယ်လိုမှ မကာမိနိုင်ဘူးပေါ့” လို့ ပြောပါတယ်။
စစ်ဘေးရှောင်ကလေးငယ်တွေမှာ အနွေးထည်နဲ့ စောင်တွေ လုံလောက်မှုမရှိတဲ့အတွက် အအေးမိ၊ နှာစေး ဖျားနာနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားပြီး ကုန်ဈေးနှုန်းမြင့်မားမှုတွေအပြင် ဘဏ်လုပ်ငန်းတွေပါ ပိတ်ထားရတဲ့အတွက် ကူညီကယ်ဆယ်ပေးရေးမှာ အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူ ဆရာဝေဟင်အောင်က ပြောပါတယ်။
“ကူညီကယ်ဆယ်ရေး လုပ်ရတဲ့အခါမှာလည်း အခက်အခဲတွေက အများကြီးပါ။ ဘဏ်တွေ ပိတ်သွားတာကြောင့် ငွေကြေးလက်ခံရရှိမှုတွေက အခက်အခဲ ဖြစ်သွားတယ်။ ပြီးတော့ တိုက်ပွဲစကတည်းက စစ်ကောင်စီကနေ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်လိုက်တော့ ကုန်ပစ္စည်းရရှိမှု ခက်ခဲသွားတယ်။ ကုန်ဈေးနှုန်းတွေကလည်း အရမ်းမြင့်မားလာတာကြောင့် ကုန်ပစ္စည်းတွေကလည်း အရင်ဝယ်နေရတာထက် ပိုခက်ခဲသွားတယ်။ ကုန်ဈေးနှုန်း မြင့်တဲ့ဒဏ်ကို ခံရတာပေါ့။”
နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက အလှူရှင်တွေ INGO၊ NGO၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်ကောင်စီက ခွင့်ပြုချက်ရမှ စစ်ကောင်စီနဲ့ MOU ထိုးပြီးမှ ဆိုတာထက် စစ်ဘေးရှောင်တွေက တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာမှာ များတဲ့အတွက် ညှိညှိနှိုင်းနှိုင်းနဲ့ တခြားနည်းလမ်းတွေကို ရှာဖွေပြီးတော့ ကူညီပေးသင့်တယ်လို့လည်း ဆရာဝေဟင်အောင်က ပြောပါတယ်။
ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနောက်ပိုင်း စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်လူဦးရေ ၆ သိန်းကျော်၊ အိမ်ထောင်စုပေါင်း ၁ သိန်းကျော်လောက်ဟာ နီးစပ်ရာကျေးရွာပေါင်း ၁၆၀ ကျော်လောက်မှာ ဖြစ်သလို ခိုလှုံနေထိုင်နေကြရပါတယ်။
တောင်ကုတ်မြို့ပတ်လည်မှာလည်း တိုက်ပွဲပြင်းထန်လာလို့ မြို့ခံတွေ ထွက်ပြေးနေရပြီး အရပ်သား ထိခိုက်မှုလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်နေကာ နိုဝင်ဘာ ၃ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေပါတယ်။
လတ်တလော တောင်ကုတ်မြို့မှာ မအီဘက်အထွက်က တက္ကသိုလ်ဂိတ်၊ သံတွဲဘက် အထွက်မှာ စကစ ၅ လက်အောက်ခံတပ်တွေနဲ့ ကိုင်းရှည်တံတားဂိတ် အပါအဝင် မြို့နားက တောင် ၃ လုံးမှာ စစ်ကောင်စီတပ်တွေ အဓိကနေရာယူထားတာလို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံစစ်ရှောင်ကူညီသူတယောက်က “တောင်ကုတ်မှာက အဓိက ဗျူဟာကုန်းလို့ ပြောရမှာပေါ့၊ ဘုရားတောင်ကုန်း ၃ နေရာ ရှိတယ်ဗျ။ ပန်းမြောက်တောင်ရယ်၊ ဇီးကိုင်းတောင်ရယ်၊ နောက် သဲခံတောင်ရယ်ဆိုပြီး မြို့ပတ်ပတ်လည်မှာ တောင် ၃ လုံးရှိတယ် အစ်ကို။ အဲဒီတောင် ၃ လုံးမှာ သူတို့ လက်နက်ကြီးထိုင်ထားတာ။ အဲဒီမှာ လက်ရှိ လောလောဆယ်မှာ မနေ့ကတော့ ရိုးဘက်အခြမ်း ပန်းမြောက်တောင်မှာ တိုက်ပွဲတနေကုန် ဖြစ်တယ်ဗျ။ ဒီနေ့ကတော့ မနက်ပိုင်း ၈၊ ၉ လောက်ကစပြီး ဇီးကိုင်းတောင်ဘက်အခြမ်းမှာ မနက်ပိုင်း တပိုင်းလုံး တောက်လျှောက်ဖြစ်နေတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် တိုက်ပွဲဖြစ်တဲ့ ဇီးကိုင်းတောင်ဘုရားကုန်းဟာ မြို့ထဲနဲ့ မိုင်ဝက်လောက်သာ ဝေးပြီး မီးချောင်းထိုးနဲ့ မှန်နီကျေးရွာတွေနားမှာလည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း မြို့ထဲ လက်ရှိနေထိုင်တဲ့ တခြားဒေသခံကလည်း ပြောပါတယ်။
ဒါ့အပြင် တောင်ကုတ်တက္ကသိုလ်နားမှာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ထိတွေ့မှုဖြစ်ခဲ့ပြီး မြို့ခံ ၈၀ ရာခိုင်နှုန်းလောက် ထွက်ပြေးကြပြီဆိုပေမဲ့ သက်ကြီးရွယ်အိုတွေ၊ အခြေခံ အလုပ်သမားတွေနဲ့ မြို့ကို မစွန့်ခွာလိုသူတချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့ခံတယောက်က “မြို့ပေါ်မှာ ဗုံးခိုကျင်း တူးခွင့်မရှိဘူး။ ရိုးပေါ်လည်း ကျော်လို့မရဘူး။ ရိုးမလည်း ကျော်လို့မရဘူး။ အကုန်ပိတ်ဆို့ထားတာ။ ၂ ဖက် ပိတ်ဆို့ထားတာကိုး။ ပြီးတော့ ဒီဘက် အမ်းတို့ ဘာညာထွက်မယ်ဆိုလည်း လမ်းကမရှိဘူး။ ကုန်းလမ်းတွေက အကုန်ပိတ်နေတာ ရေလမ်းတခုပဲရှိမယ်။ ရေကြောင်းလည်းပဲ လွတ်လွတ်လပ်လပ် သွားလို့ရတာတော့ မဟုတ်ဘူးပေါ့။ မြို့ရဲ့ တကယ့် အဝင်အထွက် နေရာတွေမှာ တော်တော်များများဖြစ်နေတာ သူကလေ။ ပြီးတော့ ပြည်သူတွေကလည်း ပြေးတော့ ပြေးကြတယ်ပေါ့၊ မရှိသလောက်နီးပါးပဲ။ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြေးပြီပေါ့” လို့ ပြောပါတယ်။
ဒါပေမဲ့ ပြည်မြို့ဘက်ကို တယောက်ကို အနည်းဆုံး ၅ သိန်းနှုန်းနဲ့ လမ်းပြငှားပြီး တောလမ်းကနေ ထွက်ပြေးကြသူတချို့လည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်တွေကနေ တိုက်ပွဲဖြစ်ရာတွေဆီ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးနေပြီး နိုဝင်ဘာ ၄ ရက်မှာ MEC ကလွဲလို့ ဖုန်းလိုင်းတွေ အကုန်ပြတ်တောက်သွားပြီလို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောနေကြပြီး DVB အနေနဲ့လည်း ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်ကိုလည်း အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
မြို့ရဲ့ နေရာအများစုကို အာရက္ခတပ်တော်ဘက်က စိုးမိုးထားတာဖြစ်ပြီး စစ်ကောင်စီကတော့ နောက်ထပ် တိုင်းစစ်ဌာနချုပ် မကျစေရေးအတွက် အပြင်းအထန် ခုခံနေပါတယ်။
အာရက္ခတပ်တော်အနေနဲ့ အမ်းမြို့အနီးက အရေးကြီးဗျူဟာကုန်းတွေနဲ့ မြို့ပေါ်က တပ်ရင်းစခန်း အများအပြားကို သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။
မြေပြင်မှာ အခြေအနေမကောင်းတဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်းပစ်ကူတွေကို တောက်လျှောက် အသုံးပြုနေသလို လေကြောင်းကနေ စစ်ကူတွေ မပြတ်ပို့နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့အထိလည်း မြို့တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
အင်အားဖြည့်တင်းထားတဲ့ စစ်ကောင်စီအနေနဲ့ အမ်းမြို့အထွက် စစ်ဆေးရုံဘက်ကို အင်အားအလုံးအရင်းနဲ့ ပြန်ပြီးထိုးစစ်ဆင်ပေမဲ့ ပြန်ပြီးဆုတ်ခွာသွားရတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အမ်းမှာ စစ်ကောင်စီ လေကြောင်းအသုံးပြုမှုက လားရှိုးတိုက်ပွဲမှာတုန်းကထက် အများကြီး ပိုပြီး စံချိန်တင်သုံးနေတာ ဖြစ်တယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ဒါကြောင့် နပခကို သိမ်းပိုက်နိုင်ဖို့အတွက် အချိန်အတိုင်းအတာတခုအထိ ယူရမယ့်သဘော လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ အမ်းမြို့အတွင်း ပိတ်မိနေသူတွေလည်း ထောင်နဲ့ချီရှိနေပြီး ရိက္ခာပြတ်လပ်နေကြသလို တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
ကေခိုင်/ ထက်အောင်/ စိုးသူအောင်