တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ကျေးရွာ ၂ ရွာက ဒေသခံပြည်သူတွေ အကုန် ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ မော်တုန်းရွာ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီလောက်မှာ အရှေ့မော်တုန်းကျေးရွာကို အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာပြီး ရွာမှာရှိတဲ့ မေတ္တာဦးကျောင်းတိုက်မှာ ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ပြောပါတယ်။
စစ်ကြောင်းဝင်လာတာကြောင့် အရှေ့မော်တုန်းရွာက ပြည်သူတွေအပြင် အနီးရှိ ထုံနွယ်ကျေးရွာက ပြည်သူတွေပါ ကြောက်လန့်ကာ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြတယ်လို့ အနောက်မော်တုန်းရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“၃ဝ၆ အမြောက်တပ်ကနေ ထွက်လာတာပါ။ စစ်သားတွေကတော့ မနေ့ည ၆ နာရီလောက်မှာ ပြန်ထွက်သွားပြီ။ ကျန်ခဲ့သေးလား၊ အကုန်ထွက်သွားလားဆိုတာ အတိအကျ မသိရဘူး။ ရွာသားတွေတော့ ပြန်မရဲကြဘူး။ ရွာကနေ လွတ်ရာ ထွက်ပြေးနေရတော့ လူစာရင်းတော့ မသိနိုင်ဘူး။”
အနောက်မော်တုန်းကျေးရွာမှာတော့ နေရပ်စွန့်ခွာလာတဲ့သူတွေ အယောက် ၁ဝဝ ကျော် ရှိပြီး စစ်ရှောင်ကူညီနေတဲ့ အဖွဲ့တခုကနေ အစားအသောက်တချို့ ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနေ့ မနက်ပိုင်းတုန်းကတော့ အရှေ့မော်တုန်းရွာအုပ်စုမှာရှိတဲ့ ကဒဲလိပ်ကျေးရွာမှာ စစ်ကြောင်းဝင်လာပြီး သန်းခေါင်စာရင်း ကောက်ယူခဲ့ကာ ဘယ်လိုပုံစံနဲ့ ကောက်ယူခဲ့သလဲ ဆိုတာတော့ မသိရသေးဘူးလို့ အနောက်မော်တုန်းရွာခံတယောက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မော်တုန်းရွာအခြေစိုက် အမတ ၃၀၆ တပ်ရင်းကဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ကဒဲလိပ်ရွာကနေ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။
ကဒဲလိပ်ကျေးရွာမှာ မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းဘေးမှာ ရှိပြီး အိမ်ခြေပေါင်း ၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ရေးပြန်လည်တင်းမာလာနေတာကြောင့် မြိတ်-တနင်္သာရီ ကားလမ်းပိုင်း ကို အသုံးပြု သွားလာနေကြတဲ့ ခရီးသွားပြည်သူတွေကို ညဘက် သွားလာခြင်းမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။