စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ထိုမာကျေးရွာကို နိုဝင်ဘာလ ၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ တပ်ဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတယောက်က “ရွာ့မြောက်ဘက်ခြမ်းက အိမ်တွေကို ကြဲသွားတာ။ ၃ လုံးလောက်ရှိတယ်။ အိမ်တွေကတော့ ၄၊ ၅ လုံးလောက် ပျက်စီးသွားတယ်။ အဲဒီထဲက တလုံးကတော့ တော်တော်လေး ပျက်စီးသွားတယ်။ လူတွေ မရှိကြတော့ ထိခိုက်ဒဏ်ရာရရှိတဲ့သူ မရှိပါဘူး” လို့ ပြောပါတယ်။
ထိုမာကျေးရွာဟာ ကလေးမြို့တောင်ဘက် ၁၅ မိုင်နီးပါးအကွာမှာ တည်ရှိပြီး အဲဒီကျေးရွာအနီးက ကလေးနည်းပညာတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ထိုမာကျေးရွာမှာ လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင်ကြပြီး အိမ်ခြေ ၃,၀၀၀ ကျော်ရှိကာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခံရမှုတွေအတွင်း ကျေးရွာသားတယောက်ကို သတ်ဖြတ်ကာ နေအိမ် ၁၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်း ထိုမာကျေးရွာက ဒေသခံပြည်သူအများစုဟာ ဘေးလွတ်ရာနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြရတာ လနဲ့ချီရှိနေပြီလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ထိုမာရွာက ဒေသခံတွေဟာ နေရပ်မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာ နေရာတွေမှာ တိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင် ထိုမာကျေးရွာသားတယောက်က “ရွာမှာမနေရဲကြတော့လို့ ရွှေ့ပြောင်းနေကြတာ ၈ လလောက်ရှိပြီ။ ဒီလိုပဲ ကိုယ်နဲ့နီးစပ်ရာ နီးစပ်ရာ ဆွေမျိုးတွေတို့ ဘုန်းကြီးကျောင်းတွေတို့ တဲတိုက်တွေတို့မှာ နေကြတယ်။ ကျနော်တို့ပါလာတဲ့ ရိက္ခာတွေက ကုန်တာကြာပြီ။ သူများပေးတာလေးတွေနဲ့ စားသောက်ကြရတာပေါ့။ အလှူရှင်တွေ နည်းတာကတော့ မရှိသလောက်ပါဘဲ။ တောင်ယာလုပ်ဖို့လား၊ အဝေးကြီး၊ (--)တွေဖျက်ဆီးလို့ မျိုးကိုမကျန်တော့တာ” လို့ ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ မတ်လဆန်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေကာ စစ်ကောင်စီတပ်ကလည်း ကလေးမြို့ လေယာဥ်ကွင်းကနေ ထောက်ပို့လေယာဥ်တွေနဲ့ စစ်သည်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။
ကလေးမြို့နယ် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “စစ်တပ်ဘက်ကနေ အခု နိုဝင်ဘာလဆန်းပိုင်းကတည်းက ထောက်ပို့လေယာဥ်တွေနဲ့ တပ်အင်အားနဲ့ လက်နက်အင်အားတွေ ထပ်တိုးနေတယ်။ ကလေးလေဆိပ်ကနေ ဒကစဘက်ကို ကားတွေနဲ့သယ်နေတာ တွေ့တယ်။ ခံစစ်ပြင်တာလား အခုပွင့်လင်းရာသီမှာ ထိုးစစ်လုပ်ဖို့လား ဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ကလေးနည်းပညာတက္ကသိုလ် (RTC) မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့အနီး သာယာဝတီကျေးရွာထိပ်မှာရှိတဲ့ ဆန်စက်တွေကနေ စပါးခွံကျုံးသွားဖို့ ထွက်လာစဉ် တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေဆုံးပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညနေတိုင်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေအပြင် စစ်ကားတွေနဲ့လည်း မြို့ကိုပတ်ပြီး ကင်းလှည့်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။