ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငရုတ်ကောင်းမြို့ ရေနံ့သာ စစ်ဆေးရေးဂိတ်အနီးမှာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၅၄ ယောက်ကို စစ်ကောင်စီတပ်ဖမ်းဆီး လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ဧရာဝတီတိုင်းထဲကို ထွက်ပြေးထဲဝင်ရောက်လာတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ရိုဟင်ဂျာ ကလေးတွေ အပါအဝင် ၅၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က "အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ပေးလို့ စကစ တပ်နဲ့ ရဲတွေကဖမ်းတာ။ ရေနံ့သာ ဂိတ်အနီးမှာ အဖမ်းခံရတာ သူတို့က ခြေလျင်လာကြတာပေါ့။ တိုက်ပွဲတွေဖြစ်နေလို့ ထွက်ပြေးလာတာပေါ့။ ရခိုင်ပြည်နယ်ကနေလာတာလို့ ပြောတယ်။ ဘယ်မှာထား စစ်ဆေးနေလည်းတော့ မသိသေးဘူး၊ တပ်နဲ့ရဲက စစ်ဆေးနေတာ”လို့ ပြောပါတယ်။
အဲဒီဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၅၄ ယောက်မှာ အမျိုးသား ၃၃ ယောက်၊ အမျိုးသမီး ၁၄ ယောက်၊ ကလေးငယ် ၇ ယောက်ဖြစ်ပြီး လက်ရှိတိုင်း ရဲတပ်ဖွဲ့ကို တင်ပြကာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ်မှာ ရခိုင်ပြည်နယ်ကဝင်လာတဲ့ ရိုဟင်ဂျာ ၁၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။