ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့စွန်ဘက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၁ ရက် မနက် ၃ နာရီခွဲကျော်ခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “အိမ်နားကပ်လျက် ဗုံး ၂ လုံး လာကျတာ၊ နေအိမ်ပျက်စီးသွားတာကလွဲလို့ လူက ကံကောင်းစွာ ဘာမှမဖြစ်ခဲ့ဘူး” လို့ ပြောပါတယ်။
ကွတ်ခိုင်၊ မော်ဟစ်ရွာရဲ့ အနောက်ဘက်ခြမ်းက စိုက်ခင်းခြံတခြံထဲက နေအိမ်တလုံးအနီးမှာ နိုဝင်ဘာ ၁ ရက် မနက် ၃ နာရီခွဲဝန်းကျင်ခန့်က ပေါင် ၅၀၀ လို့ ယူဆရတဲ့ လေယာဉ်ဗုံး ၂ လုံး ကြဲသွားတာလို့ သူက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသားတယောက်က “အရပ်သားတွေက သေဆုံးတာ မရှိဘူး၊ ထိခိုက်မှု မရှိဘူး။ TNLA အရာရှိတယောက် သေတယ်။ ရုံးမှာ စောင့်နေတဲ့လူပေါ့။ တရားရုံးမှာလို့ ကြားတယ်။ ရုံးအဆောက်အဦတွေပဲ ထိတာများတယ်။ ဒီတခါလာကြဲတဲ့ လေယာဉ်က အသံတောင် သိပ်မကြားရဘူး” လို့ ပြောပါတယ်။
ကွတ်ခိုင် တိုးဂိတ်နား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) ရုံး၊ အရင်က အခွန်ရုံးတွေဘက်ကို လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာလို့ သူက ပြောပါတယ်။
TNLA နဲ့ နီးစပ်သူတယောက်က “ညကတည်းက ဒရုန်းနဲ့ လာဝဲနေတာ၊ ဒရုန်းတွေက အသံတောင် သိပ်မထွက်ဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။
TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက် ၂ မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၈ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ထားပါတယ်။
နိုဝင်ဘာ ၁ ရက် မနက် ၃ နာရီ ၂၈ မိနစ်၊ ၃ နာရီ ၃၃ မိနစ်၊ ၃ နာရီ ၃၈ မိနစ်တွေမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်မြို့ ရပ်ကွက် ၂ ရှိ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ နတလကျောင်း၊ EPC ရုံး၊ တိုးဂိတ်အနီးနဲ့ ယူကလစ်တော အနီးတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေယာဉ်ဗုံးကြောင့် လူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးနားရှိ ကျွဲတကောင်နဲ့ ဌာနဆိုင်ရာ အဆောက်အဦတချို့ ထိခိုက်ပျက်စီးကာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးလည်း ကျန်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့ အောက်တိုဘာ ၂၇ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မုံးစီးအနီးက ပြိန်းလုံ ရေပူရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သလို သြဂုတ် ၅ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့မစျေးကို လေကြောင်း ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ မြို့မစျေးဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။