ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ စစ်ကောင်စီက ညအချိန်မတော် လူစာရင်းစစ်ဆေးမှုတွေ များလာနေပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ လူစာရင်း စစ်ဆေးတာတွေ ရှိခဲ့ပြီး အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်တွေဒေသခံတယောက်က “ည ၃ နာရီလောက်မှာ လာပြီးစစ်ဆေးတာပေါ့နော်၊ အိမ်ထောင်စုစာရင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတယ်ပြောလည်း မရဘူး၊ တခါတည်း ဖမ်းခေါ်သွားတာပဲ။ မှတ်ပုံတင်မပြနိုင်တာတို့ အိမ်ထောင်စုစာရင်း မပြနိုင်တာတို့ဆို တခါတည်း ဖမ်းခေါ်သွားတာ။ တချို့က ဒီမှာ စစ်ဘေးရှောင်နေကြတဲ့သူတွေလည်း ရှိနေတာလေ။ အိမ်ထောင်စုစာရင်းတွေ မရှိကြတဲ့သူတွေလည်း များတယ်၊ အဲဒါတွေဆို ဖမ်းခေါ်သွားကြတယ်” လို့ ပြောပါတယ်။
စစ်တွေမှာ လူစာရင်းစစ်ဆေးတာအပြင် အိမ်တွေကိုပါ ဗုံးခိုကျင်းတူးထားတာ ရှိ မရှိ သေချာစစ်ဆေးပြီးတော့ တွေ့ရင် ဖမ်းဆီးမယ်ဆိုပြီး ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
စစ်တွေဒေသခံ နောက်တယောက်က “ည ၂ နာရီလောက်ရှိမယ်၊ ယူနီဖောင်းအပြည့်အစုံနဲ့ လူ ၇ ယောက်လောက်က အိမ်ထဲဝင်လာပြီးတော့ အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေ စစ်တာ။ ဘာလုပ်လုပ်တာလဲ၊ အိမ်မှာ မိသားစု ဘယ်နှယောက်လဲ၊ ကျနော့်မှာဆို အစ်ကိုက အိမ်မှာမရှိဘူးဆိုတော့ သူက ဘယ်ကိုသွားတာလဲ၊ ဘာသွားလုပ်တာလဲ၊ ခုကဘယ်မှာလဲ၊ အကုန်လုံးကိုမေးတာ။ ပြီးတော့ တိုက်ပွဲတွေလည်း ပြင်းထန်နေကြတာဆိုတော့ ကျနော်တို့လည်း အိမ်မှာ ဗုံးခိုကျင်းလုပ်ထားတာပေါ့။ အဲဒါကို တွေ့တော့ ချက်ချင်း ဖျက်ဆီးခိုင်းတယ်။ မလုပ်ရဘူး၊ နောက်တခါထပ်စစ်ဆေးလို့ တွေ့ရင် အဖမ်းခံရမယ်ဆိုပြီး ပြောသွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါမကျန် စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲချနေတာကို အခုလို ဗုံးခိုကျင်းလုပ်ရင် ဖမ်းဆီးမယ်ဆိုပြီး ပြောတာဟာ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အသက်ဆုံးရှုံးရအောင် လုပ်နေတာပဲလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “တိုက်ပွဲတွေဖြစ်လာရင် တိုက်ပွဲကြားထဲ ပိတ်မိသွားနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့အသက်အန္တရာယ် လုံခြုံရေးအတွက် ဗုံးခိုကျင်း တူးရတာဖြစ်တယ်။ ဒါကို ရည်ရွယ်ချက်ရှိရှိ မဟန့်တားသင့်ဘူး။ မြန်မာစစ်တပ်ဘက်ကလည်း သူတို့ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် တူးမြောင်းတွေ၊ ဗုံးခိုကျင်းတွေ၊ ဘန်ကာတွေ အများကြီး တည်ဆောက်ထားတာပဲ။ ပြည်သူလူထုကို မလုပ်ရဘူးဆိုတော့ သူတို့လည်း မလုပ်နဲ့ပေါ့။ သူတို့ကကျ အခိုင်အမာတည်ဆောက်ထားပြီး စစ်ဘေးစစ်ဒဏ်ကလွတ်အောင် လုပ်ပြီးတော့ ပြည်သူတွေကိုကျ အကာအကွယ်မရှိဘဲ ဒုက္ခရောက်အောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်” လို့ ပြောပါတယ်။
ကေခိုင်