ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းမှာ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်တင်းပြီး မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူပြီး ထိုးစစ်ဆင်နေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ နိုဝင်ဘာ ၁ ရက် မနက် ၁၁ နာရီခွဲလောက်က မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။
မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “မနေ့က ညနေစောင်း ၅ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာ နိမ့်နိမ့်လေး ပျံပြီးတော့ ပတ်တယ်။ အလုံးကြီး(လက်နက်ကြီး)တွေကျတယ်။ နေ့တိုင်းပဲ အခုရက်ပိုင်းမှာ။ အခုက ရှေ့မှာလည်း စစ်ကြောင်းအကုန်လုံး တိုက်ပွဲဖြစ်နေတယ်။ စစ်ကြောင်းတွေထိုးတော့ ပြန်ပြန်ပြီး တွယ်နေတာ။ ဒီရက်ပိုင်းမှာ တိုးလိုက် ပြန်ဆုတ်လိုက်နဲ့ပဲ” လို့ ပြောပါတယ်။
အောင်ဇေယျစစ်ကြောင်းဟာ မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူပြီး ထိုးဝင်ရောက်ဖို့ ကြိုးစားနေပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေကို မထိုးဖောက်နိုင်ဘဲ အထိနာနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အာရှလမ်းပိုင်းကို နိုဝင်ဘာ ၁ ရက်အထိ ဆက်လက်ထိန်းချုပ်ထားပါတယ်။
ဒါအပြင် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက ဝေဟင်နဲ့ မြေပြင်ကနေ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။