Home
မြန်မာသတင်း
ခေါပုတ်စခန်းမှ ဆုတ်ခွာလာသည့် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇  ဦးဖမ်းဆီးရမိ 
DVB
·
November 4, 2024

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံချေမှုန်းရာမှာ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းမိတယ်လို့ BPLA က DVB ကို ပြောပါတယ်။

ခေါပုတ်စခန်းက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာ နိုဝင်ဘာ ၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ယောက် အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက်တို့ကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ထံက သိရပါတယ်။

BPLA ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက “လက်နက်ခဲယမ်း ၂၀ ဝန်းကျင်ခန့်ရရှိခဲ့ပါတယ်။ စစ်သုံ့ပန်းတွေကိုတော့ မဟာမိတ်နဲ့ကျနော်တို့ရဲ့ စစ်သုံ့ပန်းမူဝါဒတွေနဲ့အညီ စနစ်တကျ ဆေးကုသမှုပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်”လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ Force for Federal Democracy(FFD) မဟာမိတ်ပူးပေါင်းအဖွဲ့က ပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ BPLA ရဲဘော် တယောက် သေဆုံးပြီး  ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်လို့ BPLA က အောက်တိုဘာ ၃  ရက် ညပိုင်းမှာထုတ်ပြန် ပါတယ်။

ခေါပုတ်စခန်းဟာ ဖာပွန်ခရိုင်အတွင်း ၁၉၉၂ ခုနှစ်ကတည်းက စခန်းချခဲ့တဲ့ စစ်ကောင်စီရဲ့ အမာခံစခန်းတခုဖြစ်ကာ နှစ်ပေါင်း ၃၀ အကြာမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သိမ်းပိုက်ခံလိုက်ရတာပါ။

BPLA အနေနဲ့ ရှမ်းမြောက်အပြင် ၊KNLA ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားနေပြီး မြန်မာပြည်အလယ်ပိုင်းကိုလည်း စစ်ရေးလှုပ်ရှားတော့မယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013