ချင်းပြည်နယ်၊ မင်းတပ်မြို့ ဆည်မြောင်းဝန်ထမ်းအိမ်ရာကို နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
မင်းတပ်မြို့ခံတယောက်က “အနောက်ရပ်ကွက်ရှိတဲ့ ဆည်မြောင်းရုံးဝင်းထဲက ဝန်ထမ်းအိမ်ရာတွေကို မီးရှို့သွားတာ။ မီးမရှို့ခင် အဲဒီအဆောက်အဦတွေက ပျဥ်တွေခွာပြီး ကားပေါ်တင်ယူသွားကြတာ။ ပျဥ်တွေက ထင်းစိုက်ဖို့နဲ့တူတယ်။ မီးရှို့ခံရတဲ့ ဝန်ထမ်းအိမ်ရာကတော့ ၂ လုံး ၃ လုံးလောက်ရှိမှာ။ ဟိုတလောက သူတို့မီးရှို့တဲ့အိမ်တွေကို မီးငြှိမ်းဖို့သွားကြတာ ပစ်လွှတ်လို့လေ၊ အခုလည်း အပစ်ခံရမှာစိုးလို့ ဘယ်သူမှ သွားမငြှိမ်းရဲကြဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့ပေါ် နတလ ၁ (နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း) အောက်မှာရှိတဲ့ လူနေအိမ်တွေက ဝရံတာတွေကိုလည်း ဖျက်ဆီးပြီး ခလရ ၂၇၄ တပ်ရင်းထဲကို သယ်ယူသွားကြတယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “မြို့ပေါ်က မြို့ခံ ၄ ပုံ ၃ ပုံလောက် စစ်ဘေးရှောင်ကုန်ကြတာ နှစ်ချီနေပြီလေ။ အဲဒီတော့ ဒီ မင်းတပ်မြို့ပေါ်က စစ်---းတွေက ထင်သလိုလုပ်နေကြတာ။ လူမရှိတဲ့အိမ်တွေကို ဖောက်ထွင်းပြီး လိုချင်တာတွေ ယူတယ်။ မီးရှို့ဖျက်ဆီးတယ်။ တခါတလေ ခလရ ၂၇၄ ထဲကနေ လက်နက်ကြီးတွေနဲ့ပါ ပတ်ဝန်းကျင်ရွာတွေကို ပစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ အနီးမှာရှိတဲ့ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာလတွေအတွင်း ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းတပ်မြို့ပေါ်က လူနေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။