Home
မြန်မာသတင်း
ပုလဲနှင့် ဆောမြို့တို့တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး
DVB
·
November 5, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အလယ်ဘုံကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၄ ရက် ည ၇ နာရီလောက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူတယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က ပုလဲမြို့ပေါ်က ထွေအုပ်ရုံးအတွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံပြည်သူတယောက်က “ကျနော်တို့ရွာကို ၆၀ မမတလုံးနဲ့ စစ်တပ်က ပစ်တာဗျ။ ကျပေါက်ကွဲတာက ဘုန်းကြီးကျောင်း အုတ်တံတိုင်းပေါ်ကျပြီး ပေါက်ကွဲတာ။ အဲလိုပေါက်ကွဲလို့ ပြည်သူတဦး သေတယ်ဗျ။ သေဆုံးသူအမည်က ကိုငွေမင်း အသက် ၄၆ ပါဗျ။ ဒဏ်ရာက လည်ပင်း ကျည်ဖောက်ဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်ပြီး ဘုန်းကြီးကျောင်း ဓမ္မာရုံတွေနဲ့ ဘုန်းကြီးကျောင်းဆောင်တွေလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။

အလယ်ဘုံကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို ပုလဲမြို့မြောက်ဘက် ၆ ဖာလုံအကွာမှာ တည်ရှိပါတယ်။

ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ကိုဇော်ထက်ကတော့ “စစ်တပ်က ကြောက်လန့်ပြီး ပစ်ခတ်တာ ဖြစ်နိုင်တယ်။ သူတို့ မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို ကြောက်နေတာဖြစ်မယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး အခုအချိန်အထိ အလယ်ဘုံကျေးရွာမှာ စစ်တပ်က အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၃ ယောက်အထိ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ဆောမြို့ပေါ်မှာလည်း နိုဝင်ဘာ ၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် မြို့ခံပြည်သူ ၂ ယောက် သေဆုံးသွားသလို တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဦးဖိုးလှိုင်ခန်းမမှာ တပ်စွဲနေတဲ့ ကောင်တွေက မြို့ထဲကို ဝင်မလာခင် ဘာအကြောင်းမှမရှိဘဲ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ အရင်ပစ်လို့ မြို့ခံပြည်သူ ၂ ဦး သေဆုံးရတယ်။ ၁ ဦးကတော့ အပြင်းအထန် ဒဏ်ရာရတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ဆောမြို့ပေါ် ဇေယျာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီးတယောက်လည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဆောမြို့ခံတယောက်က  “မြို့ထဲမှာ တိုက်ပွဲဖြစ်နေတာ မဟုတ်ဘူး။ သူတို့စစ်သားတွေ မြို့ထဲဝင်မလာခင် လက်နက်ကြီးတွေနဲ့ ကြိုပြီး ရမ်းပစ်ကြတာလေ။ မြို့ပေါ်ကလူတွေလည်း ကြောင်ပြီး ပုန်းဖို့ မေ့နေကြတာပေါ့။ အဲဒီမှာ ထိကုန်တာ။ သေတဲ့ကောင်မလေးနဲ့ ဒဏ်ရာရတဲ့ ကောင်မလေးက ညီအမတွေ။ ဆုံးသွားတာက အကြီးမ။ သူတို့တွေ ကံဆိုးရှာကြပါတယ်ဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဆောမြို့ပေါ် ဇေယျာရပ်ကွက်က လူနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မြို့ထဲကို ဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်မှာ စက်ရှိန်မြှင့်ပြီး ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးသွားကာ မနက် ၁၀ နာရီဝန်းကျင်မှာ ဦးဘိုးလှိုင်ခန်းမထဲကို ပြန်လည်ဝင်ရောက်သွားကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းကလည်း ဆောမြို့နယ်အတွင်းက ကံချောင်းကျေးရွာကို MIG 29 အမျိုးအစား ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ဒေသခံပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013