Home
မြန်မာသတင်း
ကန့်ဘလူတွင် ဝါသဝ ပျူစောထီးနှင့် စစ်တပ်က ပြည်သူများကို ဖမ်းဆီးနေ
DVB
·
November 5, 2024
ကန့်ဘလူမြို့နယ် ကာဘိုးရွာအနီးက စစ်ဘေးရှောင်ပြည်သူများ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကန့်ဘမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အရှေ့တောင်ခြမ်းရှိ ကျေးရွာတွေက ပြည်သူအများစုကို ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်‌က စတင်ကာ နိုဝင်ဘာ ၄ ရက်‌အထိ တရွာဝင် တရွာထွက် အရပ်သားပြည်သူတွေကို ဖမ်းဆီးနေပါတယ်။

ပျူစောထီးတွေနဲ့ စစ်သားတွေဟာ ကန့်ဘလူနယ်၊ ကာဘိုးရွာမှာ အထိုင်ချပြီး အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီး မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးနေတာ ၉၂ ယောက်အထိ ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတယောက်က “ကျီစု၊ ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကြောင်းက အပြန်မှာ ကျနော်တို့ အိုင်ပေါင်းချောင်ရွာကို ဝင်ရောက်ပြီး ပြည်သူ ၄၀ ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ဖမ်းဆီးတဲ့ ပြည်သူ ၄၀ ထဲက သက်ကြီးရွယ်အို ၃ ဦးကို ပြန်လွှတ်ခဲ့တယ်။ ဖမ်းဆီးခေါ်သွားတာ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖြစ်တယ်ဗျ။ နောက်နေ့ကျတော့ ဝက်တိုးရွာက ပြည်သူ ၅ ဦး ထပ်ဖမ်းတယ်။ ဖမ်းဆီးခံရသူ ၄၂ ယောက်အထိ ရှိနေပါပြီ။ ဒီကနေ့အထိ ပြန်မလွှတ်ပေးသေးဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်ကလည်း ကာဘိုးရွာအနီးရှိ ဘူးကြီးရွာကို ဝင်ရောက်ပြီး အရပ်သား ၅၀ ခန့်ကို  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘူကြီးကျေးရွာက ပြည်သူတယောက်က “လွတ်အောင်ပြေးသူက လွတ်တယ်လေ။ ငါတို့က ဘာတော်လှန်ရေးမှမလုပ်တာ၊ စစ်တပ်က ဘာမှမလုပ်လောက်ပါဘူးဆိုတဲ့ သူတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးခံရတာပါ။ အယောက်အရေအတွက်က ၅၀ ကျော် ဖမ်းဆီးသွားတယ်။ အဲထဲက အဘိုးအိုတွေကတော့ ပြန်လွှတ်ထားခဲ့တယ်။ အခုညနေပိုင်း စာရင်းအတိအကျ ကောက်ကြည့်တာက အသက် ၁၈ ကနေ ၄၀ အတွင်းက ပြည်သူ ၅၀ အတိအကျ ခေါ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က နေ့ခင်းပိုင်းမှာ ဘူးကြီးရွာကနေ ကျီကုန်း၊ ဇီးကုန်းရွာတွေဘက် ထပ်မံဝင်ရောက် လူဖမ်းနေတယ်လို့ သိရပါတယ်။

ကန့်ဘလူတောင်ခြမ်း စစ်နိုင်လှုပ်ရှားအဖွဲ့ခေါင်းဆောင် ကိုစစ်နိုင်က “ကာဘိုးရွာအနီးက ကျေးရွာပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်။ ဒီနေ့လည်း ဘူကြီးရွာ၊ ကျီကုန်းရွာ၊ ဇီးတောရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်။ လူဦး‌ေရအနေနဲ့ကတော့ ခန့်မှန်း ပြည်သူ ၂,၅၀၀ ခန့် နေရပ်စွန့်ခွာနေကြရတယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်း ဘုန်းကြီး ဦးဝါသဝက စစ်တပ်နဲ့ပူးပေါင်းပြီး စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အရပ်သားတွေကို ဖမ်းဆီး ငွေတောင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024