Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်ကောင်စီတပ်က စစ်ကား အစီး ၅၀  ဖြင့်အင်အားဖြည့်တင်းနေ
DVB
·
November 12, 2024
Phe 12112024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအတွင်း နိုဝင်ဘာ ၁၀ ရက်က  စစ်ကား အစီး ၅၀ နဲ့ စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ပင်လောင်းကနေ ဖယ်ခုံမှာရှိတဲ့ တပ်စခန်းကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့ စစ်သားတွေ တင်ဆောင်လာတဲ့ စစ်ကား အစီး ၅၀ ဟာ ဖယ်ခုံက ခမရ ၄၂၁ တပ်တွင်းကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

မြေပြင်သတင်းရင်းမြစ်တယောက်က "သူတို့ နယ်မြေရှင်းလင်းရေးတွေ လုပ်လာနိုင်တယ်။ ဒီဘက်ကိုလည်း အင်အားတိုးထားတယ်။ လွိုင်ကော်ဘက်လည်း အင်အားတိုးတာတွေရှိနေတယ်။ ဖယ်ခုံဘက်ကနေ မိုးဗြဲဘက်တိုးပြီး ပြင်ဆင်တာရှိတယ်။ အင်အားတိုးပြီး ဝိုင်းတဲ့ သဘောမျိုးလုပ်ချင်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဖယ်ခုံမြို့ကနေ မိုးဗြဲနဲ့အနီးတဝိုက်ကို စစ်အင်အားဖြန့်ကြက်ဖို့အတွက် အခုလို အင်အားတိုးနေတယ်လို့ ဆိုပါတယ်။

မိုးဗြဲက ခမရ ၄၂၂ တပ်ဘက်မှာ စစ်အင်အား ၅၀၀ ကျော်ရှိပြီး ဖယ်ခုံက ခမရ ၄၂၁ ထဲမှာလည်း အင်အား ၁၀၀၀ ကျော် ၂၀၀၀ လောက်ရှိနိုင်တယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်တပ်က ပင်လောင်း၊ ဖယ်ခုံကနေတဆင့် မိုးဗြဲနဲ့ လွိုင်ကော်ဘက်ကို အင်အားတိုးကာ ပြည်ထောင်စု လမ်းမတလျှောက် နယ်မြေရှင်းလင်းရေး လုပ်နိုင်တဲ့အတွက် လမ်းမအနီး နေထိုင်ကြတဲ့ ပြည်သူတွေ ရွှေ့ပြောင်းဖို့ကို တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

နိုဝင်ဘာ ၉ ရက်ညက ဖယ်ခုံအရှေ့ကမ်းက ကာလရွာကို လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၂ ယောက်သေဆုံးပြီး မိုးဗြဲ နိုးကိုးစံပြရွာဖက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013