ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကာလကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင် ၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၈ ရက် ည ၁၁ နာရီခွဲမှာ လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အသက် ၃၅ နှစ် ဝန်းကျင် စစ်ရှောင်အမျိုးသား ၁ ယောက်နဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၁ ယောက် ပွဲချင်းသေဆုံးခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ စစ်တပ်က လူအိပ်နေချိန်ကို ရည်ရွယ်ချက်ရှိရှိလာကြဲတာ။ ကာလရွာကို လာနေတဲ့စစ်ရှောင် ၂ ဦး ပွဲချင်းပဲ သေဆုံးသွားတယ်။ ဒဏ်ရာ အသေးစားရတဲ့လူက ၁၀ ယောက်လောက်ရှိတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ရှောင် ၂ ယောက်ဟာ နောင်သိမ်ရွာကနေ ကာလရွာကို ရှောင်လာတာဖြစ်ပြီး သေဆုံးသွားတဲ့အမျိုးသားက ပေါင်ပြတ်ပြီး သွေးထွက်လွန်သေဆုံးခဲ့တာဖြစ်သလို အမျိုးသမီးကတော့ ဗိုက်ပွင့်ပြီး အူထွက်ကျ ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကာလကျေးရွာမှာ တိုက်ပွဲဖြစ်ပွားဖူးတာမရှိပဲ ဒေသခံတွေဟာလည်း စပါး၊ ပြောင်း၊ လယ်ခြံ လုပ်ငန်းကိုပဲ လုပ်ကိုင်ကြသူတွေဖြစ်ပြီး စစ်တပ်က ရုတ်တရက် လေကြောင်းကနေ ဗုံးလာကြဲတာလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ဖယ်ခုံမြို့နဲ့ ထိစပ်နေတဲ့ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာမှာ စစ်ရှောင်ဖို့လမ်းမကြီးဆီ သွားနေတဲ့ ထော်လဂျီတစီးကို စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။