မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက နှောကုန်းရွာသား တယောက်ကို သတ်ဖြတ်ပြီး ဖလံအိုရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းဆောင်တချို့ ပျက်စီးပြီး ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိပါတယ်။
ပခုက္ကူမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့၀င် တယောက်က “ဖလံအိုရွာက အိမ်ခြေ ၇၀၀ ကျော် လောက်ရှိတာ။ အဲဒီရွာက ရွာခံတွေကလည်း အရင်လကတည်းက ထွက်ပြေးနေကြတာ ကြာပြီ” လို့ ပြောပါတယ်။
နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဖလံအိုကျေးရွာ ဘုန်းကြီး ကျောင်းက ကျောင်းဆောင် အဆောက်အအုံ တချို့ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီရက်မတိုင်ခင် နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီလောက်မှာ နှောကုန်းရွာကို ဝင်လာတဲ့ တပ်စစ်ကြောင်းဟာ ဒေသခံ တယောက်ကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့လည်း ပခုက္ကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က ပြောပါတယ်။
“နှောကုန်းရွာကို ၀င်စီးပြီး ရွာပြင်က ယာခင်းထဲမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ လောက်ရှိတဲ့ ဦးမောင်မင်းစိန်ကို ဖမ်းခေါ်သွားပြီး လမ်းမှာတင် ပစ်သတ်သွားပြီး အလောင်းကိုလည်း လမ်းဘေးမှာ ပစ်ထားခဲ့တယ်။”
ကျေးရွာတွေအတွင်း အထိုင်ချ တပ်စွဲနေတဲ့ စစ်ကြောင်းဟာ အနီးအနား ကျေးရွာတွေက လူနေအိမ်တွေထဲကို ၀င်ရောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ယူဆောင် နေကြသလို ပတ်၀န်းကျင်ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
Pakokkku Special Task Force ရဲ့ တာ၀န်ခံတဦးက “သူတို့စစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေးကြရတဲ့ရွာတွေဆို ၁၀ ရွာနီးပါးရှိတယ်။ စစ်ကြောင်းထိုးတဲ့နေ့က စပြီး အခု နို၀င်ဘာ ၆ ရက်အထိ ဆိုရင် တိုက်ပွဲ ၉ ကြိမ်လောက် ဖြစ်ခဲ့တယ်။ အခုလည်း အဲဒီစစ်ကြောင်းက ရွှေတန့်တစ်၊ ဆင်းမင်းနဲ့ ကွန်းရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်က စပြီး ပခုက္ကူမြို့နယ်ထဲက နှောကုန်း၊ ကင်မွန်းခါး၊ ကွန်း၊ ရွှေတန့်တစ်၊ ဒေါင်းစား၊ ဆင်းမင်း၊ ဘုရားကုန်း၊ မန်ကျည်းပင်ပုနဲ့ ဆိပ်ကမ်းသာယာ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး တချို့ကျေးရွာတွေမှာ တပ်စွဲနေကာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ် လို့လည်း သိရပါတယ်။