Home
မြန်မာသတင်း
ကန့်ဘလူ၌ ၆ ရက်အတွင်း ပြည်သူ ၁၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးပြီး အိမ် ၇၀၀ ကျော် မီးရှို့
DVB
·
November 6, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ၆ ရက်အတွင်း ပြည်သူ ၁၂၀ ကျော်အား စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကန့်ဘလူ ၆၀၀၆ တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေဦးအခြေပြု People Defense’s Comrade အဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီမှာ စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်က ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့နဲ့ ကျီကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး လူနေအိမ်အချို့ကို မီးရှို့ကာ  ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒေသခံ တယောက်က “ကျီကုန်းက မနေ့ညနေက ဖမ်းသွားတယ်၊ ပြည်သူ ၃၀ ပါသွားတယ်၊ အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၄ ရက်အတွင်း အဖမ်းခံရတဲ့ အရပ်သားတွေကတော့ တယောက်မှပြန်မလွတ်သေးဘူး။ ဇီးကုန်းလက်ဆည် ရပ်ကွက်ကို မီးရှို့နေတယ်။ ဇီးကုန်းက PDF တွေ စိုးမိုးထားတဲ့ နေရာဖြစ်တယ်၊ ကျောက်တိုင်ရွာဆိုရင် မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီ၊ ကျီစုရွာဆို အခုတခါနဲ့ပါဆို ၃ ကြိမ်ရှိပြီ”လို့ ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီမှာလည်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်က ကန့်ဘလူမြို့နယ် ဘူးကြီးရွာမှာ တအိမ်တယောက် ကျေးရွာအစည်းအဝေးခေါ်ခဲ့ပြီးနောက် ရွာသား ၅၀ လောက်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီးတပ်သား အင်အား ၁၆၀ လောက်က ကန့်ဘလူနယ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျီစုရွာက ဘုန်းကြီးကျောင်း ၂ ကျောင်း၊ လူနေအိမ်အလုံး ၄၀၀ နဲ့ ကျောက်တိုင်ရွာက နေအိမ် ၃၀၀  ကို မီးရှို့ဖျက်ဆီးပြီးနောက် အိုင်ပေါင်းချောင်းရွာက အမျိုးသမီး ၃ ယောက် အပါအဝင် ပြည်သူ ၃၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ရေဦး People Defense’s Comrade အဖွဲ့ဝင် ထူးခန့်ဇော်က “ကန့်ဘလူနယ် ကာဘူးကနေပြီးတော့ အင်အား ၁၀၀လောက်နဲ့ ကား ၃ စီးနဲ့ ဘူးကြီးရွာကို ဝင်တယ်၊ ပြည်သူတွေကို တအိမ်တယောက်နှုန်းနဲ့ မဖြစ်မနေဆိုပြီး ရွာထဲမှာ စည်းဝေးပွဲလုပ်ပြီး ပြည်သူ ၅၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကန့်ဘလူ ၆၀၀၆ တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘူးကြီးရွာကဆိုရင်လည်း ပြည်သူတွေက နှစ်ဖက်ခွထိုင်ထားတော့ စစ်တပ် ဝင်လာလည်း သိတယ်၊ မတိမ်းရှောင်ကြတာ၊ ဘာမှမလုပ်ဘူးဆိုတဲ့ အထင်နဲ့။ နိုဝင်ဘာ ၁ ရက်နေ့မှာ ဝက်သိုးတောင်ရွာကို ဝင်ပြီး မီးရှို့ဖျက်ဆီးတာလည်းရှိတယ်၊ ပြည်သူ ၅ ဦးကိုလည်း သူတို့ ဖမ်းခေါ်သွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေ အားလုံးကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းထဲ ထိန်းသိမ်းထားပြီး မိသားစုနဲ့လည်း ဆက်သွယ်မရဘူးလို့ သိရပါတယ်။ ရွာသားတွေကို ဖမ်းဆီးရာမှာ ၅၅၀ ဆရာတော်ဦးဝါသဝရဲ့ ပျူစောထီးတပ်ဖွဲ့တွေက ဦးဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013