စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ဇီးပေါက်ကျေးရွာကို နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၁၀ လုံးထက် မနည်းကြဲချတိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းရှိ အဆောက်အအုံတွေ ပျက်စီးကုန်တယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဇီးပေါက်ကျေးရွာကို နို၀င်ဘာ ၄ ရက် ည ၉ နာရီ၀န်းကျင်ကနေ ၁၁ နာရီ ၀န်းကျင်အထိ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးအလုံးရေ ၁၀ လုံးကျော်ကြဲချ တိုက်ခိုက်ခဲ့သလို စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာ၀န်ရှိသူက “ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်ကြဲသွားတာ။ ဗုံးမကြဲခင် ကင်းထောက်လေယာဥ် အရင်လာတယ်။ လေယာဥ်သံကြားကတည်းက ရွာသားတွေ အပြေးမြန်လို့ပေါ့ ဒဏ်ရာရတဲ့သူ အနည်းအကျဥ်းပဲရှိတာ။ သိရသလောက် အသေအပျောက်တော့ မရှိသေးပါဘူး”လို့ ပြောပါတယ်။
မိတ္ထီလာရှမ်းတဲလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇီးပေါက်ကျေးရွာက နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်း၀င်းအတွင်းက ဆွမ်းစားဆောင် အပါအ၀င် RC နှစ်ထပ်စာသင်ကျောင်းဆောင် တဆောင်ပျက်စီးသွားပြီး နွား ၄ ကောင် သေသွားတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံက ပြောပါတယ်။
ဇီးတောကျေးရွာရဲ့တောင်ဘက် မြေကွက်လပ်မှာလည်း လေကြောင်းတိုက်ခိုက်မှုကနေ မြေကြီးထဲ စိုက်၀င်ပြီး မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်တွေ ကျန်ရှိနေသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ သတိပေးထားပါတယ်။
ဇီးပေါက်ကျေးရွာဟာ တန့်ဆည်မြို့ရဲ့ အနောက်ဘက်မှာတည်ရှိပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇီးပေါက်ကျေးရွာအပါအ၀င် အနီးအနားကျေးရွာတွေက ပြည်သူ ၈၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ စစ်ဘေးရှောင် အရေးကူညီ ဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။