ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာကို နိုဝင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မယ်ဟန်ကျေးရွာရှိ လူမနေတဲ့ နေအိမ် ၂ လုံးပေါ်ကို ဒီနေ့မနက် ၁ နာရီဝန်းလောက်က စစ်ကောင်စီလေကြောင်းက ဗုံး ၂ ကြိမ်ကြဲချ တိုက်ခိုက်သွားတယ်လို့ မယ်ဟန်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
“ရွာထဲက ဆေးပေးခန်းဘေးက အိမ်နဲ့ သူ့ရှေ့မျက်နှာချင်းဆိုင်က နေအိမ်ပေါ်ကို ကျတာ။ ဆေးပေးခန်းအရှေ့မှာ ရပ်ထားတဲ့ ကား ၂ စီးလည်း ပွန်းပဲ့ပျက်စီးသွားတယ်။ ဗုံးကျတဲ့အိမ်ကလည်း အရင်တခါတည်းက ဗုံးကျလို့ ရှောင်သွားတဲ့အိမ်ဆိုတော့ လူထိခိုက်တာတွေတော့ မရှိခဲ့ပါဘူး။”
နိုဝင်ဘာ ၂ ရက်ကလည်း နောင်ချိုမြို့၊ ဘူတာရပ်ကွက် ကတ္တီပင် ဘုန်းကြီးကျောင်း အနောက်ဘက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် ၄ လုံး ပျက်စီးခဲ့သေးကြောင်း မြို့ခံတွေထံက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ အရပ်သားပြည်သူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၂၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က နိုဝင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။