Home
မြန်မာသတင်း
ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် စကစ အရာရှိ ၃ ဦးပါ ၁၇ ဦးကို KNLA ဖမ်းမိ
DVB
·
November 6, 2024

ဖာပွန်(မူတြော်)ခရိုင်အတွင်း စစ်ကောင်စီအတွက် အရေးပါတဲ့ ခေါပုတ်စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီအရာရှိ ၃ ယောက်အပါအဝင် တပ်ဖွဲ့ဝင် ၁၇ ယောက်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ 

အောက်တိုဘာ ၂၄ ရက်က ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်မြောက်ပိုင်း၊ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီဗျူဟာနဲ့ တပ်စခန်းတွေအတွက် အရေးပါတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စနိုက်ဘာ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ စစ်ရေးအရှိန်မြင့် တိုက်ခိုက်ခဲ့တာကြောင့် အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

နိုဝင်ဘာ ၃ ရက်က စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားပြီးနောက် အရှင်ဖမ်းဆီးနိုင်ခဲ့တာပါ။  

စစ်ကောင်စီတပ်ဖွဲ့တွေ ဖာပွန်ဗျူဟာနဲ့ပေါင်းဖို့ ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“ခေါပုတ်စခန်းက စွန့်ခွာသွားတဲ့ စစ်သားတွေက ဖာပွန်ဗျူဟာနဲ့ပေါင်းဖို့ ကြိုးစားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက နေရာတော်တော်များများ ဖြန့်ကြက်ထားတဲ့အခါကျတော့ အကုန်လုံးကို သူတို့ ရှောင်လို့မလွတ်ဘူး။ အဲဒီမှာ ဖြန့်ကြက်ထားတဲ့ တပ်နဲ့သွားတိုးတယ်။ တိုးတော့ တိုက်ပွဲဖြစ်တယ်။  သူတို့ အဲဒီမှာ ထပ်ကွဲသွားပြန်တယ်။  တချို့က အရင်ကရှိထားတဲ့ သူတို့စခန်းနေရာမှာ သူတို့တပ်တွေရှိနေတုန်းလို့ သူတို့ထင်ပြီး ပြန်ဝင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီမှာ သူတို့တပ်က မရှိတော့တဲ့အခါကျတော့ ဖမ်းမိသွားတယ်။”

အရှင်ဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးထားကြောင်း၊ ခေါပုတ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ ၁၇ ယောက်ရှိပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့ပါတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ယောက် ကျဆုံးပြီး အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ဖာပွန်မြို့တွင်းနဲ့ အနီးအနားကျေးရွာက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ၊ KNU ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

စစ်ကောင်စီရဲ့ ခေါပုတ်စခန်း သိမ်းပိုက်ခံရတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာမှာကို ပိုပြီးစိုးရိမ်ကြောက်လန့်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “သူတို့(စစ်ကောင်စီ)က လေကြောင်းကနေ သွားပြီး တိုက်ခိုက်နေတယ်။ အဲလိုမျိုးတိုက်ခိုက်နေတော့ ပြည်သူတွေက  ပိုပြီးတော့ စိုးရိမ်ရတယ်။ ကြောက်နေရတယ်။ စပါးရိတ်ချိန် စပါးရိတ်လို့ မရဘူး။ ဘာဖြစ်လဲဆိုတော့ ဗုံးသွားကြဲနေတယ်။ အခုက ခေါပုတ်ကျသွားပြီဆိုတော့ KNU က လူကြီး(ရပ်ရွာလူကြီး)တွေကို အစည်းအဝေးခေါ်တယ်လေ။ ပုန်းကျင်းတွေ ဘာတွေလုပ်ခိုင်းထားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအတွက် အရေးပါးတဲ့ ခေါပုတ်စခန်းကို ၁၉၉၂ ခုက စတင်တည်ဆောက်ပြီး အခြေစိုက် ခြေကုပ်ယူခဲ့တဲ့ တပ်စခန်းကြီး ဖြစ်ပါတယ်။ 

စခန်းသိမ်းတိုက်ပွဲအတွင်း အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေက ဘူးသိုမြို့နယ်၊ ခေါပုတ်ကျေးရွာအုပ်စု၊ ခေါပုတ်ကျေးရွာနဲ့ ပါဟိုက်ကျေးရွာအုပ်စု၊ ဆောဘွဲဒဲ ကျေးရွာကို  စစ်ကောင်စီက လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံး ၄ လုံးကြဲချပြီး   Y-12 နဲ့ ဗုံးအလုံး ၁၀၀ နီးပါးကြဲချခဲ့တဲ့အပြင်  စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ကြောင့်  ကျောင်းအဆောက်အဦ ၁ လုံးနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တပ်မဟာ ၅ က ထုတ်ပြန်ထားပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013