Home
မြန်မာသတင်း
စစ်ကောင်စီတပ် ဆက်လက်စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ ၁၀,၀၀၀ ကျော် နေရပ် မပြန်နိုင်သေး
DVB
·
November 8, 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အရှေ့၊ ပဲခူးရိုးမအစပ်ရှိကျေးရွာတွေကို   စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀,၀၀၀ ကျော် နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က စပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ဟာ  ကြို့ပင်ကောက်မြို့နယ်ကို စတင်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဥယျာဉ်ကြီး၊ ရုံးချောင်း၊ သင်္ခရိုင်၊ အေးရွာလေး၊ သခွတ်ပင်၊ အင်တိုင်းကုန်း၊ ဆည်တော်ဦး၊ ကုန်းရွာ စတဲ့ကျေးရွာ ၈ ရွာထက်မနည်းက ပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်ရှောင်ခဲ့ရကြောင်း သင်္ခရိုင်ကျေးရွာမှ မြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကြောင်းက ရွာတွေနားမှာရှိသေးတယ်ပြောတယ်၊ မပြန်ရသေးဘူး၊ ရှောင်နေရတာ ၁၅ ရက်လောက်ရှိပြီ၊ မြို့ပေါ်ရှောင်တဲ့သူကရှောင်၊ အခြားဆွေမျိုးတွေရှိသွားတဲ့သူတွေကသွား၊ တောထဲတွေမှာလည်းကျန်ခဲ့တယ်၊ ပြန်ချင်နေပြီ၊ ဒီတိုင်းထွက်လာရတာ အိမ်တွေမှာ ဘာမှ မသိမ်းခဲ့ရဘူး။” 

ပဲခူးရိုးမထဲတွင်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ကယ်ထုတ်လာတဲ့ စစ်ရှောင်အများအပြားရှိပြီး စားသောက်နေထိုင်ရေး ခက်ခဲနေကြောင်း  တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ ရောက်ရှိနေတဲ့  ရုံးချောင်းရွာမှ စစ်ဘေးရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“စရှောင်လာတဲ့ ၁၀ ရက်လောက်က ၂၀၀ လောက် တောထဲပါလာတယ်။ ဒီကရဲဘော်တွေရှိမှာလည်း ရိက္ခာက လုံလုံလောက်လောက်မရှိတော့ မြို့ပေါ်တွေ၊ အခြားနေရာတွေ ပြောင်းသွားကြတာ ၁၀၀ ကျော်လောက်ရှိယ။ ခု ဒီမှာ ၈၀ ကျော်လောက်ရှိသေးတယ်။ ထမင်းလည်း နပ်မှန်အောင်မစားရဘူး၊ တနပ်လောက်ပဲစားရတယ်၊ ကလေးတွေနဲ့ အသက်ကြီးနဲ့ သူတွေပဲ ဦးစားပေးကျွေးနေရတယ်။” 

အခုရက်ပိုင်းအတွင်း  မိုးသည်းထန်စွာ ရွာသွန်းလာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေးပိုမိုခက်ခဲကြောင်း ပြည်သူတွေကို ကယ်ထုတ်လာတဲ့ BTZM GBK PDF အဖွဲ့မှ တပ်ခွဲမှူး တေဇမင်းက ပြောပါတယ်။

“မိုးကာတဲလေးတွေ ထိုးနေရတယ်၊ ဟိုနေရာတစု၊ ဒီနေရာတစုထားထာရတယ်၊ ကျနော်တို့လည်း ရှိတဲ ရိက္ခာလေး ရဲဘော်တွေ အငတ်ခံပြီး စစ်ဘေးရှောင်တွေကို ဦးစားပေးကျွေးနေရတယ်၊ အဓိက လိုအပ်နေတာတော့ ဆေးဝါးနဲ့ စာသောက်စရာတွေပါပဲ၊ စစ်ကြောင်းကလည်းရှိနေသေးတော့ တိုက်ပွဲက ဆက်ဖြစ်လာနိုင်တယ်။” 

စစ်ကြောင်းထိုး‌လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျဆုံးများပြားခဲ့ပေမဲ့ လက်နက်အင်အား၊ လူအင်အားအသာနဲ့ ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ စိုးမိုးနယ်မြေများမှတဆင့် နောက်ဆုတ်ပေးခဲ့ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဥယျာဉ်ကြီးကျေးရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ လူငယ်တယောက်အပါအဝင် ၃ ယောက်ထက်မနည်အား ပစ်ခတ်သတ်ဖြတ်ခဲ့သလို ပြည် ၁၅ ဦးထက်မနည်း ဖမ်းဆီးထားပြီး အေးရွာလေး ရွာက ပြည်သူပိုင်နေအိမ် ၇လုံးအား မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားကြောင်း ဒေသခံတွေက‌ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013