စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နိုင်ငံရေးစိစစ်ရေးကတ်လို့ ခေါ်တဲ့ မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကြေး ၂ သိန်းကျော်အထိ ပေးပြီးပြုလုပ်နေကြရတယ်လို့ မှတ်ပုံတင်ပြုလုပ်သူတွေဆီက သိရပါတယ်။
မုံရွာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို မုံရွာစုပေါင်းရုံးလို့ ခေါ်တဲ့ နန္ဒဝန်ရပ်ကွက်အတွင်းမှာရှိတဲ့ ရုံးမှာ သွားရောက်လုပ်ကိုင်ကြရတာလည်း ဖြစ်ပါတယ်။
ဒေသခံတယောက်က “ကနီ၊ ဘုတလင် စတဲ့မြို့နယ်တွေက လူဝန်မှုကြီးကြပ်ရေးဌာနအားလုံးကို စစ်ကောင်စီတပ်က မုံရွာစုပေါင်းရုံကို ပြောင်းရွှေ့ဖွင့်လှစ်ထားဝာာဗျ။ ကျနော်တို့ ကနီ၊ ဘုတလင်က ဒေသခံတွေ မှတ်ပုံတင်လုပ်မယ်ဆိုရင် အဲဒီကိုသွားလုပ်ကြရတယ်။ ကျနော်တို့ ကနီနယ်ကနေ လာလုပ်သူတွေကတော့ တရားဝင်ရုံးကို ၇ သောင်း ပေးဆောင်ရတယ်။ ပွဲစားခကတော့ ၁ သိန်း ၄ သောင်းကျော် ပေးရတယ်။ နောက်ပြီး ပွဲစားက လဝက လူကြီးရှေ့မှာ ၇ သောင်းပဲ ပေးရတယ်လို့ ပြောခိုင်းတယ်ဗျ။ ကျနော်တို့ကတော့ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ မှတ်ပုံတင်ကတ်ပြား ရခဲ့ပါပြီ” လို့ ပြောပါတယ်။
ကနီမြို့နယ်ကနေ နိုင်ငံရေးစိစစ်ရေးကတ်ပြားပြုလုပ်နိုင်ဖို့ မုံရွာမြို့စုပေါင်းရုံးကို ၆ ကြိမ်အထိ သွားရောက်လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး ခရီးစရိတ်အပါအဝင် မှတ်ပုံတင်ရုံးနဲ့ ပွဲစားကို ပေးရငွေ စုစု ပေါင်း ၈ သိန်းအထိ ကုန်ကျတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကနီမြို့နယ် လူဝန်မှုကြီးကြပ်ရေးမှူးရုံးကို DVB က ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မပြုခဲ့ပါဘူး။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကနီမြို့နယ်က အစိုးရရုံးဌာနအားလုံး မုံရွာမြိုကို ရွှေ့ပြောင်းဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။