Home
မြန်မာသတင်း
ရခိုင် ၄ မြို့နယ်ကို  အပြီးသတ်သိမ်းပိုက်ရန် AA အရှိန်မြှင့်လုပ်ဆောင်နေ
DVB
·
November 14, 2024

ရခိုင်ပြည်နယ်မှာ  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ တနှစ်တာကာလအတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်နဲ့ အမျှ ပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့  အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်တိုက်ခိုက်နေ ပါတယ်။

ဒါကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်တကမ်းမှာ ရောက်ရှိနေတဲ့ အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မောင်တောမြို့တခုလုံးကို သိမ်းပိုက်ရရှိပေမဲ့ တခုတည်း ကျန်ရှိနေသေးတဲ့ အမှတ် (၅) နယ်ခြားစောင့် စခန်း နခခ (၅) ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် နေဆဲဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမားကြီး ဦးဖေသန်းက” တနှစ်အတွင်းမှာ မြို့နယ်ပေါင်း ၁၁ မြို့နယ်အထိ သိမ်းလို့ရထားပြီ။ ကျန်တဲ့မြို့နယ်တွေကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားတယ်။ စစ်တွေကလွဲလို့ မြောက်ပိုင်းဒေသတခွင်လုံးကို စစ်ကောင်စီ ကင်းစင်နယ်မြေလို့ ပြောလို့ရတယ်။ စစ်ပွဲက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်။ အာရက္ခတပ်တော်လည်း တိုက်တိုင်း အောင်မြင်နေတဲ့ အနေအထားမှာရှိတယ်။ စစ်ရေးအခြေအနေက ၂၀၂၅ ခုနစ်မှာတော့ ရခိုင်ပြည်သူတွေကို လက်ဆောင်ပေးမယ်ဆိုတာ မျှော်လင့်လို့ရပါတယ်။ ရခိုင်မှာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်မယ်ဆိုတာ ယုံကြည်လို့ရပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်တည်ရှိရာ အမ်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) ၊ အမှတ် - ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ (ဆလအခွဲ-၉၄၆) ၊ အမှတ် - ၃၇၁ ခြေမြန်တပ်ရင်း (ခမရ-၃၇၁) ၊ အမှတ် - ၃၇၂ ခြေမြန်တပ်ရင်း (ခမရ-၃၇၂) ၊ အမှတ် -၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ (လလစ-၇၅၇/၂) ၊ အမှတ် - ၉၂၆ ထောက်ပံ့နှင့်ပိုဆောင် ရေးတပ်ခွဲ (ထပခ-၉၂၆) ၊ အမှတ် - ၉ ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း (ဆသလ-၉) ၊ အမှတ် - ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ-၈) ၊ အမှတ် - ၁၀ တပ်ထိန်းတပ်ခွဲ (တထခ-၁၀) ၊ အမှတ် - ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ-၉၁၉) တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေ ပါတယ်။

တနှစ်တာ စစ်ဆင်ရေးကာလအတွင်း AAနဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မ၊ ဗျူဟာ၊ စကခဌာနချုပ်၊ ဒကစဌာနချုပ်၊ တိုင်းစစ်ဌာနချုပ် တွေကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အမ်းမြို့နယ်မှာလည်း AA က စစ်ကောင်စီရဲ့ အမှတ် - ၃၇၃ ခြေမြန်တပ်ရင်း (ခမရ-၃၇၃) ၊ အမှတ် - ၃၇၄ အမြောက်တပ်ရင်း (အမတ- ၃၇၄) ၊ အမှတ် - ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ (လလစ-၇၅၇) ၊ အမှတ် - ၃၄၅ စစ်လက်နက်ပစ္စည်း တပ်ခွဲ (စနခ-၃၄၅) ၊ အမှတ် - ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း (တစသ-၈) ၊ အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ (တဆရ-၂/၃၀၀) ၊ လေကြောင်းရန်ကာကွယ်ရေးတပ် (လကရ) နဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ် (စရဖ) တို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ရခိုင်ဒေသတခုလုံးကို ရခိုင်ပြည်သူ့လက်ထဲကို အမြန်ဆုံးရောက်ရှိစေဖို့၊ စစ်ကောင်စီတပ်ဖွဲဝင်တွေ ကင်းစင်စေဖို့စတဲ့ ရည်မှန်းချက်တွေကြောင့် စစ်ကောင်စီရဲ့ ကျန်ရှိနေတဲ့ စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်ချက်အရ သိရပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013