အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နိုဝင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ အမ်းမြို့အဝင် ပဲပဒုံစစ်ဆေးရေးဂိတ်ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ပဲပဒုံစစ်ဆေးရေးဂိတ်ဟာ အမ်းမြို့ကနေ မင်းဘူးမြို့ကိုသွားတဲ့ ပဲပဒုံတံတားထိပ်မှာ တည်ရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့ အဝင်အထွက်ကားတွေကို စစ်ဆေးရေးတင်းကျပ်တဲ့ ဂိတ်လည်း ဖြစ်ပါတယ်။
စစ်ရေးနဲ့နီးစပ်သူတယောက်က “ပဲပဒုံစခန်းကို တိုက်နေတာတော့ ကြာပြီ၊ နံနက် အရုဏ်လောက်ကပဲ AA က BE တပ်နဲ့ ပဲပဒုံစစ်ဆေးရေးဂိတ်ကို ထိန်းထားနိုင်ပြီလို့ သိရတယ်ပေါ့နော်။ ဒါကို နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီကနေ ဂျက်ဖိုက်တာတွေနဲ့ BE တပ်နဲ့ ပဲပဒုံစစ်ဆေးရေး ဂိတ်အနား လာရောက်ဗုံးကြဲနေတာ ရှိတယ်၊ ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်ကလည်း စစ်ကောင်စီရဲ့ အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ကို AA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အဆောက်အအုံတချို့ မီးလောင် ပျက်စီးသွားတယ်လို့ စစ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“AA နဲ့ ပူးပေါင်းအဖွဲ့တွေက နပခကို လက်နက်ကြီးတွေနဲ့လည်း လှမ်းပစ်တာတွေရှိပါတယ်။ မနေ့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာ တိုင်းဌာနချုပ်ရဲ့ အဆောက်အအုံတစ်ချို့ မီးထလောင်တယ်ပေါ့နော်။”
လက်ရှိမှာ အာရက္ခတပ်တော် (AA) က အမ်းမြို့ရဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်း နဲ့ ဗျူဟာကုန်းအများစကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် နပခ ဌာနချုပ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
ကေခိုင်