တိုက်ပွဲတွေပြင်းထန် ဆက်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းက စစ်ကူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ လာပို့တဲ့ စစ်ရဟတ်ယာဉ် ၄ စီးထဲက တစီးကို အာရက္ခတပ်တော် (AA) က ပစ်ချနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို စစ်ကူနဲ့ ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တွေကို ပစ်ခတ်ခဲ့တာမှာ လေယာဉ်တစီးထိသွားပြီး စစ်ဌာနချုပ်အဆောက်အအုံတချို့ မီးလောင်သွားတယ်လို့ ရခိုင် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“တိုင်းစစ်ဌာနချုပ်ကို ဂျက်ဖိုက်တာ ၃ စီးရယ်၊ ရဟတ်ယာဉ် ၄ စီးရယ်၊ Y12 ၂ စီးရယ်၊ ဒရုန်းရယ် ဝိုင်းရံပြီးတော့ ဂျက်ဖိုက်တာတွေက အမ်းမြို့အနီး တောင်တန်းတွေကို တောက်လျှောက် ပစ်ခတ်နေတယ်။ အဲဒီလို ပစ်တဲ့အနေအထားနဲ့ အမ်းစစ်ဌာနချုပ်လေယာဉ်ကွင်းမှာ ရဟတ်ယာဉ် ၄ စီးရယ်၊ Y12 ၂ စီးရယ်က လက်နက်ခဲယမ်းတွေ၊ စစ်ကူအင်အားတွေ၊ ရိက္ခာတွေ ချတယ်ပေါ့နော်။ အဲဒီအချိန်မှာ အာရက္ခတပ်တော်ကလည်း လှမ်းပြီးတော့ပစ်တယ်။ နေ့လယ် ၂ နာရီကျော်လောက်မှာ လေယာဉ်တစီးတော့ ထိသွားတယ်။ နောက်ပြီး စစ်ဌာနချုပ် အဆောက်အအုံတချို့ မီးထလောင်သွားတယ်။ အာရက္ခတပ်တော် ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်ပေါ့နော်။ မီးခိုးတွေထွက်ပြီး မကွေးဘက်ကို ပျံသန်းသွားတာကို တွေ့ရပြီး အလုံးစုံပျက်စီးသွားတာလား ဘယ်နား ကျသွားလဲတော့ အတိအကျ မသိရသေးဘူး။”
ပစ်ခတ်ခံရတဲ့ ရဟတ်ယာဉ်ဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျောက်ဆုံရွာအနီးမှာ ဆင်းသက်သွားခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခရဲ့ သတင်းမီဒီယာတွေကို ဖြေကြား ထားပါတယ်။
လက်ရှိမှာလည်း နပခ ဌာနချုပ်အနီးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းပစ်ခတ်တာတွေ ဆက်တိုက်ရှိနေတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော် (AA) က အမ်းမြို့ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနဲ့ ဗျူဟာအများစုကို သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ နပခ ဌာနချုပ် အပါအဝင် ခမရ ၃၇၁ တပ်ရင်းနဲ့ တပ်ထိန်း တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ကေခိုင်