Home
မြန်မာသတင်း
သိမ်ဇရပ်တွင် PDF စွပ်စွဲချက်ဖြင့် အသက်မပြည့်သေးသည့် လူငယ် ၃ ဦး ဖမ်းဆီးခံရ
DVB
·
November 12, 2024
Photo: ကျိုက်ထိုရဲစခန်း

သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ နိုဝင်ဘာ ၁၁ ရက် မနက်က အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ မြသိန်းတန်ဘုရားမှာ နိုဝင်ဝင်ဘာ ၁၁ ရက် မနက် ၉ နာရီခွဲလောက်က ကောင်းထက်ကျော်(ခ)ကျော်လေး၊ ထက်အာကာဖြိုး(ခ)အာကာနဲ့ ခန့်ကိုဇင်(ခ)ကုလားတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူတို့ ၃ ယောက်က PDF အပတ်စဥ် ၁ သင်တန်းဆင်းတွေပါ။ သီတင်းကျွတ်ခွင့်ရက်ရပြီး ပြန်လာတာ။ မြသိန်းတန်ဘုရားမှာ ဘုရားဝင်ဖူးနေတာ သတင်းရပြီး ဖမ်းဆီးမိတာပါ။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ အသက် ၁၅ နှစ် ၂ ဦးနဲ့ ၁၆ နှစ်အရွယ်တို့ဖြ စ်ကြောင်း၊ သူတို့ ၃ ဦးဟာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာ၊ ရှမ်းစုပိုင်းမှာ နေထိုင်သူတွေဖြစ်ကြောင်း  စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အနေနဲ့ အသက်အရွယ်မပြည့်မီသူတွေကို လက်ခံထားခြင်း မရှိကြောင်းနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းမှာ မပါဝင်လိုတဲ့ လူငယ်တွေကိုလည်း မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ ခိုလှုံခွင့်ပြုထားကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက DVB ကို ပြောပါတယ်။

“အခု အဖမ်းခံထားရတယ်ဆိုတဲ့ ကလေးတွေက အသက်မပြည့်သေးတဲ့ ကလေးတွေပါ။ အသက်တွေက ၁၆/၁၇ တွေ။ သူတို့ တင်ထားသလို သင်တန်းအပတ်စဉ် ၁ ဆိုတာ ၂၀၂၁ ခုနှစ်မှာ ဖွင့်တာပါ။ အဲဒီအချိန်ဆို အဲဒီကလေးတွေရဲ့အသက်က ၁၃/၁၄ တောင် မပြည့်သေးဘူးပေါ့။ လူငယ်လေးတွေဆိုတော့ အမှုဆင်ဖမ်းတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပိုက်ဆံမပေးနိုင်လို့ PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်လိုက်တာနေမှာပေါ။”

စစ်တပ်က အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို PDF စွပ်စွဲချက်နဲ့ မကြာခဏဖမ်းဆီးလေ့ရှိပြီး ငွေမပေးနိုင်တဲ့သူတွေကို PDF ခေါင်းစဉ်တပ်ကာ အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူတာတွေလည်း ရှိနေကြောင်း ဒေသခံတွေအကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024