TNLA သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက် မနေ့ည သန်းခေါင်ယံအချိန်မှာ လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မနေ့ည သန်းခေါင်ယံအချိန် စစ်ကောင်စီလေတပ်က မိုးကုတ်မြို့အရှေ့ခြမ်း လယ်ဦးမင်္ဂလာမဂ္ဂင်ကျောင်းအနီးကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေရှိပြီး ခြေထောက်နဲ့ လက်ပြတ်သူတွေပါ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်အရှေ့ခြမ်းနေ ဒေသခံတယောက်က “မြို့မှာက အကုန်အေးချမ်းနေပြီ။ တပ်ဖွဲ့တွေ ဆိုတာလည်း သိပ်မရှိတော့ဘူး။ အခု လေကြောင်း တိုက်ခိုက်ခံရတဲ့ နေရာဆိုတာကလည်း ပြည်သူတွေပဲ ရှိတယ်။ သက်သက်ကိုလာလုပ်သွားတာ။ သေတဲ့အရေအတွက်ကတော့ ၃ ယောက် သေတယ် ပြောနေကြတယ်။ ဒီထက်လည်း ပိုနိုင်တယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ခံတယောက်က “အိမ်တွေလည်း တော်တော်များများ ပျက်စီးတယ်။ အနောက်ခြမ်း ကတော့ လေကြောင်းတိုက်ခိုက် မခံရဘူး။ အခု ရှင်းလင်းရေးတွေ လုပ်နေကြတယ်။ မိုးကုတ်မှာက သစ်သားအိမ်များတော့ ဗုံးကြဲခံရရင် စိစိညက်ညက်ကို ကြေတာ” လို့ ပြောပါတယ်။
မိုးကုတ်မြို့နယ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့မှာ ပုံမှန် လည်ပတ်နေချိန် ၄ လနီးပါးအကြာမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းမတိုက်ခိုက်ခင်ကတည်းက စစ်ကောင်စီတပ်က မိုးကုတ်မြို့ကို ဗုံးကြဲလိမ့်မယ်ဆိုတဲ့ သတင်းတွေဟာ အောက်တိုဘာလကတည်းက ထွက်ပေါ်ခဲ့တာပါ။
စစ်ကောင်စီဟာ တိုင်းရင်းသားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးမိတ်၊ လားရှိုး၊ နောင်ချိုမြို့တွေကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။