Home
မြန်မာသတင်း
ဗိုလ်နဂါး ဦးဆောင်သည့်တပ်များ ပုလဲမြို့ပေါ်မှ ပြန်ဆုတ်ခွာ၊ တိုက်ပွဲကြောင့် ပြည်သူသောင်းချီ စစ်ဘေးရှောင်
DVB
·
November 15, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက တပ်သားအင်အားတိုးချပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်တပ်တွေ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၄ စီးနဲ့ တပ်သားအင်အား ၁၀၀ ကျော် ပုလဲမြို့ပေါ်ကို ထပ်မံပို့ဆောင်ခဲ့သလို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပုလဲမြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

စစ်ကောင်စီက ရဟတ်ယာဉ်နဲ့လာချတဲ့ စစ်သားတွေဟာ ဘုတလင်နယ်မှာ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်ကြောင်းက တပ်သားတွေဖြစ်တယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေက ပုလဲမြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မြို့ကို အပြီးသတ်သိမ်းယူနိုင်ခါနီးအထိ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင် အမှတ်၁၀ တပ်ရင်း-ဒေါင်းနက်မှ ဦးပေက “BNRA က နောက်ဆုတ်တာ။ လုံးဝဆုတ်သွားတာ။ ထွေအုပ်ရုံးထဲမှာအထိ BNRA က ရောက်သွားတာ။ ရန်သူနဲ့ BNRA အဖွဲ့နဲ့ဆို ပေ ၁၀၀ တောင် မဝေးတဲ့အကွာကနေ ပစ်ကြတာလေ၊ ရုံးအဆောက်အအုံတွေ အကာအကွယ်တွေနဲ့။ အဲလိုပစ်ကြတဲ့အခါကြတော့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ အားလုံးက ထွေအုပ်ကို ဝိုင်းထုတာ။ အဲဒီထွေအုပ်အခြမ်းက တခြမ်းပျက်စီးသွားတာပေါ့။ ပျက်စီးတဲ့ အထုခံရတဲ့အထဲမှာ BNRA အဖွဲ့တွေလည်း ပါတယ်ပေါ့နော်” လို့ ပြောပါတယ်။

ပုလဲမြို့ကို ပြန်လည်ထိန်းချုပ်လိုက်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နဲ့ အနီးတဝိုက်က ကျေးရွာတွေကို ပြန်လည်စစ်ကြောင်းထိုးလာနိုင်တာကြောင့် အနီးနားရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တွေကတော့ စစ်ကြောင်းထိုးလာရင် ပြန်လည်ခုခံနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ဦးပေက “ပုလဲထွေအုပ်က ရခါနီးအခြေအနေ ရောက်နေပြီ။ အဲဒီအခြေအနေမှာ မနက် ၁၁ နာရီကျော်ကျော်လောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ အင်အား ၁၀၀ ကျော် ချသွားတယ်။ ကျနော်တို့နဲ့ ၁၀ - ၁၅ မိနစ်လောက် ထိတွေ့မှုဖြစ်ပြီးတော့ အဲဒီထွေအုပ်ရုံးဆီကို ရောက်သွားတာ။ ထွေအုပ်ရုံးနဲ့ ရဟတ်ယာဉ်ချတဲ့နေရာနဲ့က တမိုင်တောင်မဝေးဘူး။ အဲဒီမှာ စခတွေလည်း ဝင်လာရော မြို့ထဲမှာရှိတဲ့အဖွဲ့က နောက်ဆုတ်လိုက်တာ၊ မနေ့က ညနေကတည်းက မြို့ထဲမှာရော မြို့ပြင်မှာရှိတဲ့ အဖွဲ့တွေပေါ့။ မြို့ပြင်မှာရှိတဲ့ အဖွဲ့တွေဆိုတာက ပုလဲမြောက်ဘက်တို့ ပုလဲအနောက်ဘက်တို့မှာရှိတဲ့ အဖွဲ့တွေ အားလုံးက နောက်ဆုတ်သွားပြီးတော့ အခု အားလုံးက စခတွေချည်းပဲ ပုလဲမြို့ပေါ်မှာ စိုးမိုးနေတော့တာ။ အဲဒီစခတွေက မနေ့ကတုန်းက မြကုန်း၊ ဇောင်ခြမ်းကုန်းကို ရောက်တယ်၊ အခု ဇောင်ခြမ်းကုန်းကနေ ပုလဲတောင်ဘက်ကို ထွက်မယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ပုလဲမြို့ပေါ်မှာ ၄ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

ပုလဲမြို့နယ်ဟာ စစ်ကိုင်း-မကွေး-ချင်း လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့အတွက် စစ်ကောင်စီက လက်လွတ်မခံဘဲ သာလွန်အင်အားသုံးပြီး ပြန်လည်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဒေသကာကွယ်ရေးအဖွဲ့တွေ အချင်းချင်း မချိတ်ဆက်နိုင်အောင် လမ်းပန်းခရီးအရ အရေးပါတဲ့ ပုလဲမြို့ကို ဆက်ထိန်းထားချင်တာ ဖြစ်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “ရွာ ၂၀ ကျော်သွားပြီပေါ့။ အရေအတွက်အားဖြင့် ဆိုရင်တော့ ပြည်သူ ၂၀,၀၀၀ ကျော်တယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ ၄ ရက်အတွင်း ၂၇ ကြိမ် တိုက်ခိုက်ခံရတယ်။ အနည်းဆုံး အရပ်သား ပြည်သူ ၄ ဦး သေဆုံးသွားပြီပေါ့။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦးလို့ သိရတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။

ဒီမတိုင်ခင်က ပုလဲမြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို သိမ်းယူထားနိုင်ခဲ့တာဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို သိမ်းနိုင်ပြီလို့ ဗိုလ်နဂါးကလည်း  ပြောဆိုထားခဲ့တာပါ။

ပုလဲမြို့ကို သိမ်းယူနိုင်ခါနီး ဖြစ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ချိတ်ဆက်မှု အားနည်းချက်တွေ ရှိခဲ့တာကြောင့် ပြန်ဆုတ်ခွာခဲ့ရတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဩဂုတ် ၁၈ ရက်က တရက်တာသိမ်းယူနိုင်ခဲ့တဲ့ ဒီပဲယင်းမြို့ဖြစ်စဉ်နဲ့ အခု ပုလဲမြို့သိမ်းတိုက်ပွဲတို့ဟာ အခြေအနေအားလုံး ထပ်တူမကျပေမဲ့ ဆင်တူတဲ့အခြေအနေတချို့ ရှိခဲ့ပြီး ဒေသအားလုံးက တပြိုင်တည်း ထကြွမှုမရှိရင် မြို့ကိုသိမ်းနိုင်လည်း ပြန်လက်လွှတ်ရမယ့် အခြေအနေမျိုးသာ ဖြစ်တယ်လို့  စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024