ကုန်စျေးနှုန်းတွေ တရစပ်မြင့်တက်တာနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သောင်းကျန်းမှုတွေကြောင့် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်က ဒေသခံတွေဟာ မိသားစုတွေကို ကျွေးမွေးဖို့ ခက်ခဲနေပါတယ်။
စက်တင်ဘာလတုန်းက ဆည်တခုပြိုကျပြီး ပြည်နယ်မြို့တော်နဲ့ အနီးတဝိုက်က လယ်မြေတွေ ရေနစ်မြုပ်ပြီးတဲ့အချိန် လူအများအပြားမှာ ရွေးချယ်စရာ မရှိတော့ပါဘူး။
အစွန်းရောက်သူပုန်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်တွေအတွက် ဝေငှလှူဒါန်းတာတွေကို လက်ခံရယူဖို့ တန်းစီနေရပါပြီ။
ထွက်ပြေးခဲ့ရင်လည်း ဒေသခံဓားပြတွေရဲ့ သတ်ဖြတ်ခံရမယ့်၊ အဓမ္မပြုကျင့်ခံရမယ့် အန္တရာယ်ရှိတဲ့ ဒေသန္တရ လယ်မြေတွေမှာ အလုပ်ရှာနေကြရပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံရဲ့ ပြည်နယ် ၃၆ ခုထဲက ၂၉ ခုမှာ အခုနှစ်အတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးခဲ့လို့ စိုက်ပျိုးမြေ ဟက်တာ ၁ ဒသမ ၅ သန်းကျော် ပျက်စီးခဲ့ပြီး လူ ၉ သန်းကျော် ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှုဟာ နိုင်ဂျီးရီးယားရဲ့ ထိန်းသိမ်းမှု ညံ့ဖျင်းတဲ့ ဒါမှမဟုတ် ထိန်းသိမ်းမှု ရှိမနေတဲ့ အခြေခံအဆောက်အအုံတွေအပြင် နိုင်ရာငွေကြေး ပြိုကျခြင်းနဲ့ အစိုးရလောင်စာဆီ အမတော်ကြေး ဖျက်သိမ်းခြင်းတို့လိုပဲ နိုင်ဂျီးရီးယားရဲ့ အားနည်းချက်တွေထဲက တခု ဖြစ်လာပါတယ်။
နိုင်ဂျီးရီးယားရဲ့ လူဦးရေ သန်း ၂၀၀ ကျော်ထဲက ၄၀ ရာခိုင်နှုန်းဟာ တရက်ဝင်ငွေ ၂ ဒသမ ၁၅ ဒေါ်လာသာ ရပြီး နိုင်ငံတကာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေကြတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
အစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ပူးတွဲခွဲခြမ်းစိတ်ဖြာမှုအရ လူပေါင်း ၂၅ သန်းဟာ အစားအသောက်နဲ့ အာဟာရ မလုံလောက်တဲ့ အခြေအနေမှာ နေထိုင်နေရပြီး သူတို့ရဲ့ အသက် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းမှု အန္တရာယ် ချက်ချင်းကျရောက်နိုင်တဲ့ အနေအထားထဲမှာ နေထိုင်ရပါတယ်။
ဒီအရေအတွက်ဟာ လာမယ့် ဇွန်လကနေ သြဂုတ်လကြားမှာ ၃၃ သန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။
Source : Reuters