Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၁၀ လအတွင်း အိမ် ၁၅၀ ထက်မနည်း ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရ
DVB
·
November 17, 2024
Photo: Myo Thu

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၁၀ လအတွင်း လူနေအိမ် အလုံး ၁၅၀ ထက်မနည်း ချိပ်ပိတ်သိမ်းဆည်းခံရတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲအပါအဝင် လက်အောက်ခံအဖွဲ့အစည်းတွေက တော်လှန်ရေးတပ် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ပိုင်းအထိ ၁၀ လအတွင်း ဧရာဝတီတိုင်းက နေအိမ် အလုံး ၁၅၀ ထက်မနည်းကို ချိပ်ပိတ် သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ချိပ်ပိတ်ခံရတဲ့ နေအိမ်ပိုင်ရှင်တွေက PDF တွေ၊ NUG တွေနဲ့ ပတ်သက်မှုရှိတယ်။ အားပေးကူညီတယ်၊ ဆက်သွယ်ထောက်ပံ့တယ်ဆိုပြီး ချိပ်ပိတ်ခဲ့တာ။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေပါ” လို့ ပြောပါတယ်

ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ဘိုကလေး၊ ဖျာပုံ၊ ရေကြည်၊ ဟင်္သာတ၊ ဒေးဒရဲ၊ မြောင်းမြ၊ ပန်းတနော်၊ ဓနုဖြူ၊ ဇလွန်၊ ငပုတော၊ လပွတ္တာ စတဲ့မြို့နယ်တွေက နေအိမ်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

အိမ်ချိပ်ပိတ်ခံရသူနဲ့ နီးစပ်သူတယောက်က “စကစက တော်လှန်းရေးတပ်တွေကို ထောက်ပံ့သူလို့ စွဲစွပ်ပြီး ဟင်္သာတမြို့နယ်၊ ကျောင်းကွင်းကျေးရွာက ဦးအောင်ရဲထွဋ်ရဲ့နေအိမ်နဲ့ခြံကို ဇွန် ၁၅ ရက်က ချိပ်ပိတ်ခဲ့တာ။ လူက ၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက ဖမ်းခံထားရတာ။ ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်မိသားစုက စွပ်စွဲခံရတာပါလို့ စစ်ကောင်စီကို ခုခံချေပထားတယ်လို့သိရတယ်” လို့ ပြောပါတယ်။

နေအိမ်ချိပ်ပိတ်ခံထားရသူအများစုဟာ အကြမ်းဖက် ဥပေဒပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မခံထားရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013