စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဓားထိုးသတ်ခံခဲ့ရတယ်လို့ ကလေးမြို့ခံတွေက နိုဝင်ဘာ ၁၈ ရက် ဒီနေ့မှာ DVB ကို ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် တန်ဆောင်တိုင်လပြည့်ည ၈ နာရီဝန်းကျင်က အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ရပ်ကွက်အတွင်းက အရက်ဆိုင်မှာ ဓားထိုးသတ်ခံခဲ့ရတာပါ။
အုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ရပ်ကွက်အတွင်း နှင်းဆီးလမ်းက အရက်ဆိုင်မှာ ဆူပူနေတာကို သွားထိန်းရာကနေ အရက်သောက်နေတဲ့သူကို ခေါင်းရိုက်လိုက်တဲ့အတွက် သောက်နေတဲ့သူက မကျေနပ်ဘဲ ဓားနဲ့ထိုးသတ်ခံလိုက်ရတာလို့ ကလေးမြို့ခံတယောက်က ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကို ဓားနဲ့ထိုးသတ်သူဟာ အောင်သစ္စာရပ်ကွက်က အသက် ၃၀ ကျော်အရွယ် ကိုနိုင်မိုး ဖြစ်တယ်လို့ သိရပြီး လက်ရှိမှာတော့ သူ့ကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
အခင်းဖြစ်ပွားရာအနီးရှိ ဒေသခံတယောက်က “ကြီးကြီးတွေအိမ်နားလေးမှာ ဖြစ်သွားတာ။ ဖြစ်ဖြစ်ချင်း စစ်သားတွေရောက်လာပြီး အလောင်းကိုသယ်သွားတယ်။ သတ်တဲ့လူမမိတော့ ညတွင်းချင်း မိဘတွေဖမ်းသွားတာ။ နောက်ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
ဦးသန်းဌေးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၇ ရက် မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်သားစုဆောင်းတာ၊ စာရင်းကောက်တာတွေကြောင့် နိုင်ငံတဝန်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ ပိုများလာပါတယ်။