Home
မြန်မာသတင်း
စစ်ကောင်စီ၏ ပြည်ပထွက်ခွင့်တင်းကျပ်လာမှုကြောင့် ခွင့်ပြန်အလုပ်သမား နည်းလာ
DVB
·
November 18, 2024

စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်တွေကို တင်းကျပ်လာတာကြောင့် ပြည်ပရောက် လုပ်သားတချို့ မိသားစုဆီ ခွင့်နဲ့ အလည်ပြန်တာတွေ နည်းလာတယ်လို့ သက်ဆိုင်ရာ အလုပ်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပကို ပထမဆုံးထွက်မယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ကန့်သတ် တားဆီးတာတွေအပြင် ခွင့်ပြန်အလုပ်သမားတွေကို အထောက်အထားမပြနိုင်ရင် ပြန်ထွက်ခွင့် မပေးတာကြောင့် အလည်ပြန်ဖို့ အခက်တွေ့နေကြတာလို့ ဆိုပါတယ်။

စင်ကာပူရောက် မြန်မာလုပ်သားတယောက်က “မြန်မာပြည်ပြန်ပြီးကာမှ ပြန်ထွက်မရမှာစိုးလို့ ခွင့်ရတာတောင် မပြန်ဖြစ်ဘူး။ ဒီက အသိတော်တော်များများလည်း အဲဒါကို စိုးရိမ်ပြီး မပြန်ကြဘူး။ စကစ က နည်းမျိုးစုံနဲ့ ညစ်နေတာမို့လို့ စိတ်မချရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ပမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စစ်ကောင်စီသံရုံးတွေက စောင့်ကြည့် မှတ်တမ်းယူထားတာတွေရှိလို့ ပြန်ရင် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရနိုင်တာကြောင့် မပြန်ကြတာ ရှိတယ်လို့လည်း မြန်မာလုပ်သားတချို့က ဆိုပါတယ်။

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတယောက်က “သံရုံးရဲ့ Black List စာရင်းထဲမှာ ပါမပါ သိရတာ မဟုတ်ဘူး။ တကယ်လို့ ပါနေခဲ့ရင် အန္တရာယ်များလို့ ပြန်ဖို့ မစဥ်းစားတော့ဘူး။ ရှေ့မှာလည်း လေဆိပ်မှာတင် ဖမ်းခံရတဲ့ ဖြစ်စဥ်တွေ ကြားနေတော့ ပြန်ဖို့အဆင်မပြေဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်ပမှ ခွင့်ပြန်အလုပ်သမားတွေကို အလုပ်ရှင်ရဲ့ခွင့်စာ၊ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို တပေါင်းတည်း ပေးဆောင်ထားတဲ့ အထောက်အထား ပြနိုင်မှ ပြည်ပပြန်ထွက်ခွင့်ပေးတာ ဖြစ်ပါတယ်။

တချို့ ပြည်ပရောက် မြန်မာလုပ်သားတွေက အဲဒီငွေတွေ လွှဲပြောင်း၊ ပေးဆောင်တာမျိုး မလုပ်ချင်တာကြောင့် ခွင့်နဲ့ပြန်မယ့် အစီအစဥ် ရပ်လိုက်တာမျိုး ရှိတယ်လို့လည်း သူတို့က ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ပြည်ပထွက်မယ့် အလုပ်သမားအသစ်တွေကို အလုပ်စာချုပ်သက်တမ်းပြည့်ရင် စစ်မှုပြန်ထမ်းပါမယ်ဆိုတဲ့အချက် ဝန်ခံလက်မှတ် ရေးထိုးခိုင်းသလို အသက် ၂၃ ကနေ ၃၂ နှစ်အထိ အမျိုးသားတွေကို ပေးမထွက်ဘဲ တားမြစ်ထားပါတယ်။

ဒါ့အပြင် အလုပ်နဲ့မဟုတ်ဘဲ ပြည်ပထွက်မယ့် လူငယ်တွေကို လေဆိပ်မှာတင် အကြောင်းအမျိုးမျိုးပြပြီး တားဆီးပိတ်ပင်တာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013