Home
မြန်မာသတင်း
ဖူးကက်တွင် မြန်မာအလုပ်သမား ၁ ဦး အကြွေစေ့လိုက်ကောက်ရင်း ရေထဲပြုတ်ကျ သေဆုံး 
DVB
·
November 18, 2024

ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ထလန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ထိုင်း တန်ဆောင်တိုင်ပွဲတော် အတွင်း လူအများက ရေထဲ မျှောချခဲ့တဲ့ ကထုံးဘန်းတွေထဲက ငွေအကြွေတွေ လိုက်လံဆယ်ယူရင်း မြန်မာလုပ်သားတယောက် ရေထဲပြုတ်ကျ သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၃ နာရီခွဲလောက်က ထလန်မြို့ ဆရီဆွန်ထွဏ်းအုပ်စု ဘန်မလွန်ရပ်ကွက်ထဲမှာ ရေနစ်သူရှိကြောင်း အကြောင်းကြားတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့က ရေငုပ်သမားတွေနဲ့အတူ သွားရောက်စစ်ဆေး ကယ်ဆယ်ခဲ့တယ်လို့  ထလန်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာက ဈေးသည်တယောက် ပြောပြချက်အရ ဒီမတိုင်ခင် အသက် ၃၀ ကျော် အမျိုးသားတယောက် ရေကန်ထဲရှိ ကထုံးတွေ လိုက်ဆယ်ပြီး အကြွေစေ့တွေ လိုက်ရှာတာ တွေ့ရတယ်၊ အဲဒီနောက် ၂ ပေလောက်မြင့်တဲ့ နဂါးရုပ်ကထုံးကြီး မျောပါလာတယ်၊ သူက အဲဒီ ကထုံးပေါ် တက်မလို့လုပ်တာ အလေးချိန်မနိုင်ဘဲ ရေထဲပြုတ်ကျသွားတယ်၊ သူက လက်မြှောက် အကူအညီတောင်းရင်းကနေ  ရေထဲနစ်သွားတာလို့ ဆိုပါတယ်။

ရေငုပ်သမား ၄ ယောက်က ဈေးသည်ညွှန်ပြတဲ့နေရာအနီးတဝိုက် ရေငုပ်ပြီး လိုက်ရှာရာမှာ မနက် ၄ နာရီခွဲလောက်မှာတော့ အနက် ၄ မီတာ ရေအောက်ကနေ သူ့အလောင်းကို ဆယ်ထုတ်ခဲ့တယ်၊ သူဟာ အဲဒီနားတဝိုက်မှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တယောက်ဖြစ်ပြီး အမည်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

နောက်ဈေးသည်အဒေါ်ကြီးတယောက်က သူလည်း ကထုံးထဲက ငွေအကြွေတွေ လိုက်ကောက်တယ်၊ ပြီးခဲ့တဲ့နှစ်တွေက ၂,၀၀၀ - ၃,၀၀၀ ရတယ်၊ ဒီနှစ်တော့ ၂၀၀ - ၃၀၀ ပဲ ရတယ်၊ အကြွေလိုက်ရှာသူများပြီး လူတွေက ကထုံးထဲ ငွေသိပ်မထည့်တော့ဘူးလို့ ဆိုပါတယ်။

အဆိုပါ နိုဝင်ဘာ ၁၆ ရက် တနေ့တည်းမှာပဲ ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင်က အသက် ၃၅ နှစ်ရွယ် ဒုက္ခိတ အမျိုးသားတယောက်နဲ့ ထိုင်းအရှေ့မြောက်ပိုင်း ဥဘွန်းရာ့ချ်ဌာနီခရိုင်က ၈ နှစ်သား ကလေးတယောက်တို့ ကထုံးထဲက အကြွေစေ့တွေ လိုက်ကောက်ရင်း ရေထဲပြုတ်ကျ သေဆုံးခဲ့ရတယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ တန်ဆောင်တိုင်ပွဲကာလ ရောက်ရှိတိုင်း ကထုံးလို့ခေါ်တဲ့ ပန်းဆီမီး ကလပ်တွေကို ရေထဲမျှောချပြီး ရေနတ်သမီးကို ပူဇော်တဲ့ဓလေ့ ရှိပါတယ်။ တချို့ကလည်း ကံမကောင်းခြင်းတွေ ရေစီးနဲ့အတူ ပါသွားစေကြောင်း အယူအဆနဲ့ ကထုံးကို ရေထဲမျှောချပါတယ်။ အဲဒီလို မျှောချရာမှာ ငွေအကြွေစေ့တွေ ထည့်လှူကြပါတယ်။

ဒါပေမဲ့ ကထုံးထဲက ငွေအကြွေတွေ လိုက်ကောက်ရင်း ရေထဲပြုတ်ကျသူတွေ နှစ်တိုင်းရှိတဲ့အပြင် ရေထဲက သက်ရှိသတ္တဝါတွေက ငွေအကြွေကို အစာမှတ်ပြီး မျိုချတာတွေလည်း ရှိတယ်၊ ဒါကြောင့် ပွဲစီစဉ်သူတွေက ငွေအကြွေတွေ မထည့်ဖို့ နှိုးဆော်ထားပါတယ်။ အဆိုပါနှိုးဆော်ချက်က အယူသီးသူတွေအတွက်တော့ မထိရောက်ပါဘူး။

Source: Amarin TV / Matichon / MGROnline

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013