Home
မြန်မာသတင်း
မြန်မာအိမ်ဖော်မိန်းကလေးငယ်ကို ကျွန်ပြုနှိပ်စက်သည့် ထိုင်း ၂ ဦးနှင့် မြန်မာပွဲစား ဖမ်းဆီးခံရ 
DVB
·
November 14, 2024
Photo-Matichon

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန့်ဆွန်မြို့နယ်ထဲမှာ ၈ နှစ်အရွယ် မြန်မာမိန်းကလေးငယ် တယောက်ကို ကျွန်ပြုပြီး နှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင် ၂ ယောက်နဲ့  မိန်းကလေးကို လာပို့ပေးတဲ့ မြန်မာပွဲစားတယောက်ကို ဖမ်းဆီးရမိပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အေး (အမည်လွှဲ) လို့ခေါ်တဲ့ ၈ နှစ်အရွယ် မြန်မာမိန်းကလေးငယ်ကို ကျွန်ပြုနှိပ်စက်ခဲ့တဲ့  ဘန့်ဆွန်မြို့က အလုပ်ရှင် နန်းဆောင်ဖွန်းထစ်ပ် (၆၅ နှစ်) နဲ့ နိုင်းဆမန် (၅၀ နှစ်) တို့ကို‌‌ရော ကလေးငယ်ကို အိမ်ဖော်လုပ်ဖို့ အဲဒီအိမ်မှာ လာပို့ခဲ့တဲ့ နော်ထားထားရီ ဆိုတဲ့ မြန်မာအမျိုးသမီးကိုပါ ဖမ်းဆီးရမိပြီလို့ ထိုင်းနိုင်ငံ ဗဟိုရဲတပ်ဖွဲ့ (CIB) မှ တာဝန်ရှိ ရဲမှူးကြီး ဆာရဒီးခဝိုင်ဆိုဖားက နိုဝင်ဘာ ၁၄ ရက် မနက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ ၃ ယောက်ကို ချွန်းပူးရီခရိုင်တရားရုံး ဝရမ်းစာနဲ့ ထောက်လှမ်းဖမ်းဆီးခဲ့ပြီး အသက် ၁၅ နှစ်အောက် ကလေးသူငယ်အား အတင်းအကျပ် လုပ်အားခိုင်းစေမှု၊ ကျွန်ပြုမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှု စတဲ့စွဲချက်တွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ထုတ် ထိုင်းသတင်းတွေမှာ ချွန်းပူးရီးက ၈ နှစ်အရွယ် မိန်းကလေးငယ်တယောက် အရုပ်မကိုဖက်ပြီး သုသာန်မှာ တယောက်တည်း အိပ်နေတာကို ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကယ်တင်ခဲ့တဲ့သတင်း ထုတ်ခဲ့ပါတယ်။

ဘန့်ဆွန်မြို့က သုဘရာဇာတယောက်က သင်္ချိုင်းကုန်းမှာ အလုပ်လုပ်နေစဉ် အုတ်ဂူတခုဘေးမှာ အရုပ်ကိုဖက်ပြီး အိပ်နေတဲ့ မိန်းကလေးကို တွေ့ရှိခဲ့တယ်၊ မိန်းကလေးဟာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေရှိပြီး အမေကရိုက်လို့ ထွက်ပြေးလာတာလို့ ပြောတယ်၊ အဲဒီသင်္ချိုင်းကုန်းကို ရောက်နေတာ ၂ ရက်ရှိပြီ၊ ဘာမှမစားရသေးဘူး၊ ရေကိုတော့ အနီးနားရှိ ရေတွင်းနား သွားသောက်တယ်လို့ ပြောပါတယ်။

သုဘရာဇာကလည်း ကယ်ဆယ်ရေးအဖွဲ့တွေကို လှမ်းအကြောင်းကြားခဲ့တယ်၊ ကယ်ဆယ်ရေးအဖွဲ့က မိန်းကလေးကို ခရိုင်လူသားရင်းမြစ်ဖွံ့ဖြိုး တည်တံ့ရေးဌာန ကယ်ဆယ်ရေးဂေဟာကို ပို့ဆောင်ထားပေးခဲ့တယ်လို့ ဆိုပါတယ်။

မိန်းကလေးငယ်ဟာ ထိုင်းစကားလည်း ကောင်းစွာမပြောတတ်တာကြောင့် နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားရဲ့ ကလေးလို့ ယူဆတယ်၊ သူ့ဘဝအကြောင်းတွေလည်း ဘာမှ မေးလို့မရဘူး၊ ဒါကြောင့် တာဝန်ရှိသူတွေက သူတို့ဘာသာ စုံစမ်းထောက်လှမ်းပြီး အခုလို ပါဝင်ပတ်သက်သူတွေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

မိန်းကလေးရဲ့ မိဘတွေဟာ မြန်မာပြည်ထဲမှာရှိပြီး ဆင်းရဲနွမ်းပါးတာကြောင့် နော်ထားထားရီက မိဘတွေကို ငွေပေးပြီး သမီးအဖြစ် မွေးစားမယ်လို့ ပြောပြီးခေါ်ခဲ့တယ်၊ သူ့ကို တောလမ်းကနေတဆင့် မဲဆောက်မြို့ကို အရင်ခေါ်လာတယ်၊ ပြီးတော့ အဖမ်းမခံရအောင် စမွတ်ပရကန်ခရိုင် ဖရစမွတ်ကျေးဒီးမြို့ရှိ နိုင်းဆမန်တို့အိမ်မှာ ခဏထားတယ်၊ အဲဒီနောက် ချွန်းပူးရီးက နန်းဆောင်ဖွန်းထစ်ပ်တို့အိမ်ကို အိမ်ဖော်အဖြစ် ပို့လိုက်တယ်လို့ သိရပါတယ်။

အဲဒီအိမ်မှာ မိန်းကလေးက အိမ်သန့်ရှင်းရေး၊ ထမင်းချက်၊ ခွေးစာကျွေး စတဲ့အလုပ်နဲ့ တောက်တိုမယ်ရ လုပ်ပေးရတယ်၊ အလုပ်လုပ်တာ စိတ်တိုင်းမကျရင် အိမ်ရှင်က ဆဲဆို ခြိမ်းခြောက်တယ်၊ တုတ်နဲ့ရိုက်တဲ့အခါလည်း ရှိတယ်၊ ထမင်းမကျွေးဘဲ ပိတ်လှောင်ထားတဲ့ အခါလည်း ရှိတယ်၊ ဘယ်မှပေးမသွားသလို ဘယ်ကိုမှလည်း ခေါ်မသွားဘူး၊ အဲဒီအိမ်ကနေ ထွက်သွားချင်ရင် မိဘတွေ ပိုက်ဆံနဲ့လာရွေးရမယ်လို့ ပြောကြောင်း အဲဒီအိမ်မှာ အတူတူအလုပ်လုပ်ခဲ့တဲ့ နန်းဆောင်ဖောဒီ ဆိုတဲ့ မြန်မာအိမ်ဖော်က သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။

ထိုင်းတာဝန်ရှိသူတွေဟာ လနဲ့ချီ ထောက်လှမ်းစုံစမ်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဗဟိုရဲတပ်ဖွဲ့၊ ချွန်းပူးရီးခရိုင် လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့၊ လူသားရင်းမြစ် ဖွံ့ဖြိုးတည်တံ့ရေးအဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Source:  Matichon / CH3 Plus / Topnews 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013