ထိုင်းနိုင်ငံမြောက်ပိုင်း ဖရဲ့ခရိုင်ထဲမှာ မြန်မာနယ်စပ်က ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြား ၆ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် ညနေက ဖရဲ့ခရိုင် ဒင်ချိုင်းမြို့နယ် ဟွေ့လိုက်စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်စဉ် ညနေ ၄ နာရီ မိနစ် ၄၀ လောက်မှာ ဂိတ်နား ဖြတ်သန်းလာတဲ့ ခဲရောင် ဟိုင်းလပ်စ်ကားတစီးကို စစ်ဆေးခဲ့ပါတယ်။
အဆိုပါကားကို X-Ray စက်ထဲဖြ တ်မောင်းခိုင်းရာမှာတော့ ကားနောက်ခန်း ကြမ်းခင်းအောက်က အံဝှက်ထဲမှာ စိတ်ကြွဆေးထုပ်တွေ တွေ့တယ်၊ ဆေးပြားစုစုပေါင်း ၅၉၀,၀၀၀ ပါရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ နိုင်းဂေါ့ဒ် (အသက် ၂၇ နှစ်) နဲ့ ကားထဲ အတူစီးနင်း လိုက်ပါလာတဲ့ လင်မယား ၂ ယောက်ကိုပါ ဖမ်းဆီးစစ်ဆေးနေတယ်၊ သူတို့ဟာ ဒီမတိုင်ခင်က ချင်းရိုင်းခရိုင် မြန်မာနယ်စပ်ကနေ မောင်းဝင်လာတယ်၊ ဖန်းမြို့နယ် ပူကဲန်စစ်ဆေးရေးဂိတ်မှာ ဖြတ်လာစဉ် မသင်္ကာဖွယ်မရှိလို့ လွတ်မြောက်လာရာက အခုလို X-Ray စက်နဲ့ စစ်ဆေးကြည့်ကာမှ စိတ်ကြွဆေးတွေ တွေ့တာလို့ ဆိုပါတယ်။
ခုတခေါက် ဖမ်းမိတဲ့ စိတ်ကြွဆေးထုပ်မှာ ရွက်လှေ အမှတ်တံဆိပ်နှိပ်ထားပြီး ဒီတံဆိပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ် လွိုင်တော်ခမ်းအုပ်စု ဘန့်နမ့်ပုံ (ရေပူစမ်း) ရွာမှာ အချီကြီး ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးနဲ့ အမျိုးအစားတူတူပဲ၊ အဲဒီတုန်းက တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့ဟာ သတင်းအရ ရွာထဲက အိမ်တလုံးကို သွားစစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၄,၀၃၆,၀၀၀ နဲ့ အိုက်စ် ၂၀၂ ကီလိုဂရမ် ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီလောက်ကလည်း ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်မြို့ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ ဝင်ရောက်ရပ်နားနေတဲ့ ဟိုင်းလပ်စ်ကား ၃ စီးပေါ်ကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၈ သန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ပရက်စ်က ဖော်ပြပါတယ်။
အဆိုပါကား ၃ စီးဟား ချင်းရိုင်းခရိုင် ဝိန်းကဲင်မြို့ဘက်ကနေ မောင်းဝင်လာတယ်၊ ရဲတွေက နောက်ယောင်ခံလိုက်လာပြီး ဖယောင်း-လမ်းပန်း-ဖရဲ့-ဆုခိုထိုင်း-ဖိကျစ် စတဲ့မြို့နယ်တွေ ဖြတ်ကျော်ခဲ့တယ်။ ဓာတ်ဆီဆိုင်တဆိုင်ထဲ ဝင်ရောက်ရပ်နားစဉ် ဖမ်းဆီးခဲ့တယ်၊ အနက်ရောင် အိတ်ပေါင်း ၃၂ အိတ်ကနေ စိတ်ကြွဆေး ၆ သန်း ဖမ်းမိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ထိုင်းအမျိုးသား ၃ ဦးကို အရေးယူထားတယ်၊ သူတို့ကတော့ ပွဲစားဆီက သယ်ယူခ ဘတ် ၂ သန်းနဲ့ အငှားသယ်ဆောင်ပေးခဲ့တာဆိုပြီး ဖြောင့်ချက်ပေးထားတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။