ရန်ကုန်မြို့မှာ အိမ်ခြေမဲ့ ကော်ရှူနေတဲ့ ကလေးတချို့ပါ WY စိတ်ကြွမူးယစ်ဆေး သုံးလာတဲ့အထိ ဆေးပြားပျံ့နှံ့မှုတွေ များလာနေတယ်လို့ ကိုယ်တိုင်တွေ့မြင်သူတွေက ပြောပါတယ်။
ကလေးတချို့မှာ မူးယစ်စေဖို့အတွက် ကုန်ကျစရိတ်နည်းတဲ့ ကော်ရှူတာကို စွဲလမ်းအသုံးပြုရာကနေ မူးယစ်ဆေး အလွယ်ရလာတာကြောင့် WY ပြောင်းသုံးတာတွေ ရှိနေတာလို့ ဆိုပါတယ်။
ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ရန်ကုန်မြို့ခံတယောက်က “ဗဟန်းထဲမှာ ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကော်ရှူတဲ့ ကလေးတွေ WY သုံးတာ ကိုယ်တိုင်တွေ့ရတာ။ အခါတိုင်း ကော်ဘူးကိုင်ကိုင်ရှူနေတဲ့ ကလေးတွေ။ သူတို့ ဘယ်လို ဝယ်သုံးလဲတော့ မသိဘူး။ WY ဆေးပြားက ဈေးပေါပေါနဲ့ ပြန့်နေတယ်ဆိုတာတော့ ကြားတယ်”လို့ ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေက မူးယစ်ဆေးကို ကြားခံရောင်းပေးပြီး ရရှိတဲ့ ခွဲတမ်းဝေစုထဲကနေ သုံးစွဲလာကြတာရှိတယ်လို့လည်း မူးယစ်လောကနဲ့ နီးစပ်သူက ပြောပါတယ်။
ရန်ကုန်မှာ WY ဆေးပြားအနေနဲ့ တပြားကို ကျပ် ၂၀၀၀ လောက်နဲ့ အလွယ်တကူဝယ်လို့ ရတဲ့အခြေအနေမှာရှိနေတယ်လို့လည်း ရန်ကုန်မြို့ခံက ပြောပါတယ်။
အဲဒီလို မူယစ်ဆေးသုံးတာကို ခိုးဝှက်အသုံးပြုရာကနေ ပေါ်ပေါ်ထင်ထင် လုပ်လာကြတာကို တွေ့လာရတယ်လို့လည်း ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ အငှားယာဥ်မောင်းက ပြောပါတယ်။
“ဟိုတရက်က ကန်တော်လေးမီးပွိုင့်ထောင့်မှာ လူငယ် ၃ ယောက်ထီးတလက်ကွယ်ပြီး WY ဆေးသုံးနေတာ။ ပွိုင့်မိနေချိန် ဆေးနံ့ရလို့ သတိထားရှာကြည့်တော့ သူတို့ ဆေးသုံးနေတာ တွေ့ရတာ။ လမ်းဘေးမှာကို သုံးနေတာ။”
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက လူငယ်တွေ နိုင်ငံရေးမှာ မပါဝင်အောင် နည်းမျိုးစုံအသုံးပြုပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာကို မျက်ကွယ်ပြုပေးထားတဲ့သဘော တွေ့ရတယ်လို့ ရန်ကုန်မြို့ခံက ပြောပါတယ်။
မူးယစ်ဆေးကို စစ်တပ်ထဲမှာလည်း အသုံးပြုနေတာရှိပြီး စစ်မှုထမ်းဆင့်ခေါ်တဲ့အထဲမှာ မူးယစ်ဆေး သုံးစွဲနေသူတွေ ပါသလို တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သားတွေဆီကနေ မူးယစ်ဆေးတွေ့ရှိတဲ့ ဖြစ်စဥ်တွေ ရှိနေပါတယ်။