Home
နိုင်ငံတကာ
တာ့ခ်ခရိုင်တွင် စိတ်ကြွဆေးပြား ၆ သန်းခန့် ဖမ်းဆီးရမိ၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
November 11, 2024

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲမှာ နိုဝင်ဘာ ၉ ရက်ညက စိတ်ကြွဆေးပြား ၆ သန်းခန့် ဖမ်းဆီးရမိပြီး မူးယစ်ဆေးတွေ တင်လာတဲ့ ယာဉ်မောင်းသမားကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်ထောက်လှမ်း သိရှိရတဲ့အတွက် အဝေးပြေးလုံခြုံရေးရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၉ ရက်ညက ဘန့်တာ့ခ်မြို့နယ်နဲ့ မယ်လမတ်မြို့နယ်ကြား ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ ဝင်လာသမျှကားတွေ စောင့်ကြပ်စစ်ဆေးခဲ့တယ်။

အဲဒီနောက် မီဆူဘီရှီအနက်ရောင် တိုယိုတာကားတစီးဟာလည်း မောင်းဝင်လာခဲ့ပေမဲ့ အဲဒီကားက ရပ်မပေးဘဲ ထွက်ပြေးသွားခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ရဲတွေက အနောက်ကလိုက်ဖမ်းပေမဲ့ မမိလို့ နောက်ထပ်နယ်မြေခံရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်တယ်၊  အဆိုပါရဲတပ်ဖွဲ့က မသင်္ကာတဲ့ကားကို တာ့ခ်အောက်အုပ်စု ကီလို တိုင်အမှတ် ၅၄၁ နဲ့ ၅၄၂ ကြား PTT ဓာတ်ဆီဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ရပ်ထားတာကို တွေ့ တယ်၊ ကားမောင်းသမားကတော့ မှောင်ရိပ်ခိုပြီး အနီးကတောထဲကို ထွက်ပြေးပုန်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ကားရဲ့နောက်ခန်းမှာ လွှားထားတဲ့မိုးကာကို ဖွင့်ကြည့်တော့ အနက်ရောင်အိတ် အလုံး ၃၀ အပြည့်တင်လာတာ တွေ့ရတယ်၊ အထဲမှာ စိတ်ကြွဆေးပြားထုပ်တွေ ထည့်ထားပြီး စုစုပေါင်း ၆ သန်းခန့် ရှိမယ်၊ အဲဒီမူးယစ်ဆေးတွေဟာ မြန်မာဘက်ကမ်းကနေ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းထဲ ဝင်ရောက်လာတာဖြစ်လိမ့်မယ်၊ ဟိုဘက်ကမ်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိတယ်လို့  တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဆမ်ရိတ် အမ်ကမွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

Source: Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013