Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် တရားမဝင် မြန်မာ ၇ ဦးနှင့် လမ်းပြထိုင်း ၁ ဦး ဖမ်းဆီးခံရ 
DVB
·
November 11, 2024

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဘန့်တာ့ခ်မြို့နယ်ထဲမှာ နိုဝင်ဘာ ၁၀ ရက်ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၇ ယောက်ဟာ လမ်းပြ ထိုင်း တယောက်နဲ့အတူ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြတယ်။ 

ဗဟိုရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ညက ဘန့်တာ့ခ်မြို့နယ် ရငိုင်းအုပ်စု ဖဟွန်ယိုးထင်းလမ်းမပေါ်မှာ လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ငွေရောင်ဟိုင်းလပ်စ်ကားတစီး မောင်းဝင်လာကြောင်း၊  အဆိုပါကားမှာ နံပါတ်ပြား တပ်ဆင်ထားခြင်းမရှိတဲ့အတွက် တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ကားကရပ်မပေးဘဲ အရှိန်မြှင့်မောင်းပြေးတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက ကားနဲ့အနောက်က လိုက်သွားပြီး မီလာတဲ့အခါမှာ ဘေးချင်းယှဉ်မောင်းပြီး ရပ်တန့်ခိုင်းခဲ့တယ်၊ ရပ်သွားတဲ့ကားကို စစ်ဆေးရာမှာ ယာဉ်မောင်းမှာ အသက် ၂၅ နှစ်ရွယ် နိုင်းကဆဲမ်နဲ့ ကားပေါ်မှာတော့ လူ ၇ ယောက်ကို ပြည့်သိပ်ပြီး တင်ဆောင်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။   

အဆိုလူ ၇ ယောက်ကတော့ အမျိုးသား ၄ ယောက် အမျိုးသမီး ၃ ယောက်ဖြစ်ပြီး  အထောက်အထား တစုံတရာမပါတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်၊ သူတို့ကို နောက်ထပ် ပွဲစားတယောက်က လာကြိုမယ့်နေရာကို သွားရောက်ပို့ဆောင်ပေးဖို့ ဘန့်ထောင့်ဖာ့ကျေးရွာ တောင်ခြေကနေ သွားကြိုလာခဲ့တယ်လို့ ယာဉ်မောင်းက ဝန်ခံပါတယ်။ ကားပေါ်ကလူတွေဟာ ထိုင်းကို လာဖို့အတွက် ပွဲစားကို တယောက်လျှင် ဘတ် ၁၄, ၀၀၀ ပေးခဲ့ရတယ်လို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေက ကားမောင်းသမားကို တရားမဝင်သူတွေ နိုင်ငံထဲ ခေါ်ဆောင်လာမှု၊ အဖမ်းမခံရအောင် ကူညီမှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေကိုလည်း လဝက ဥပဒေနဲ့အရေးယူပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

Source: - FM91 Traffic Pro

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013