Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် လက်သည်းအလှပြင်လုပ်ငန်းလုပ်ကိုင်သူ မြန်မာ ၅ ဦး ဖမ်းဆီးခံရ
DVB
·
November 11, 2024

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်ထဲက ကော့စမွေကျွန်းမှာ တရားမဝင် လက်သည်းအလှပြင် လုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ ဖမ်းဆီးခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ကော့စမွေ ခရီးသွားကျွန်းပေါ်က အလှပြင်ဆိုင်တဆိုင်မှာ ဖောက်သည်တွေကို အလှအပနဲ့ လက်သည်းအလှပြင် ဝန်ဆောင်မှုပေးနေတဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးကို ထိုင်းခရီးသွား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

ထိုင်းနိုင်ငံသားတွေအတွက်သာ ကန့်သတ်ခွင့်ပြုထားတဲ့ တချို့သော အလုပ်အကိုင်တွေကို ဥပဒေချိုးဖောက် လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသား အလုပ်သမားတွေ လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင် အမျိုးအစားတွေထဲမှာ ဆံပင်ညှပ် အလှပြင်လုပ်ငန်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်း၊ ယက်ကန်းလုပ်ငန်း၊ ရွှေထည် ငွေထည်လုပ်ငန်းတွေ အပါအဝင် အလုပ်အကိုင်အမျိုးအစား ၂၇ မျိုးကို သတ်မှတ်ထားပြီး ဖမ်းဆီးခံရမယ်ဆိုရင် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ အထိ ချမှတ်ခံရနိုင် တဲ့အပြင် ဖမ်းဆီးခံရတဲ့ အလုပ်သမားကို ထိုင်းနိုင်ငံအတွင်း ၂ နှစ် အလုပ်လုပ်ကိုင်ခွင့်ပိတ်သိမ်းပြီး နေရပ်ပြန်ပို့ခံရနိုင်ပါတယ်။

လတ်တလော  တရားမဝင် လက်သည်းအလှပြင်လုပ်ငန်းလုပ်ကိုင်သူ မြန်မာ ၅ ဦး ဖမ်းဆီးမှုကတော့ နိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးနေတဲ့ စီမံချက်တစိတ်တပိုင်းဖြစ်တဲ့အပြင် အဆိုပါအဖွဲ့ဟာ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရတာကြောင့် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ထားကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013