ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ နိုဝင်ဘာ ၅ ရက်က ကလေးငယ်တွေပါတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၉ ယောက်ကို ပွဲစားက တောထဲမှာ စွန့်ပစ်ထားခဲ့တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ဘန့်ထောင်းလန်ကျေးရွာအနီး တောင်ခြေတောထဲမှာ ကလေးတွေပါတဲ့လူ တစုနွမ်းနယ်စွာ ခြေလျင်လျှောက်နေတယ်၊ သူတို့ကို ကြည့်ရတာ ဒေသထဲကလူတွေ မဟုတ်ဘူး၊ ပုံစံက မသင်္ကာဖွယ်ရှိတယ်လို့ ရွာသားတွေက သတင်းပေးလာတာကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲ၊ ရွာသူကြီး၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းစစ်တပ် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ ထိပ်ဆသရီ စစ်ကြောင်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။
သတင်းပေးချက်ရတဲ့နေရာမှာ မတွေ့ရတာကြောင့် အဲဒီအနီးနားတဝိုက် လူစုခွဲပြီး လိုက်ရှာကြရာမှာ ကလေးငိုသံနဲ့အတူ ဝါးရုံတောနောက်မှာ ပုန်းနေတဲ့သူတွေကို တွေ့ရတာလို့ ဆိုပါတယ်။
အဲဒီထဲမှာ အမျိုးသား တယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အသက် ၂ နှစ်မှ ၆ နှစ်ရွယ် ကလေး ၄ ယောက် ပါဝင်တယ်၊ အားလုံးဟာ ပင်ပန်းနွမ်းနယ်နေကြပြီး ကလေးကတော့ ဆာလောင်လို့ ငိုနေတာလို့ ဆိုပါတယ်။
ထိုင်းစကားအနည်းငယ်တတ်သူနဲ့ မေးမြန်းချက်အရ သူတို့ဟာ ထားဝယ်ကလာတာ ဖြစ်တယ်။ မလေးရှားနိုင်ငံက အမျိုးတွေဆီသွားမလို့ ပွဲစားအဆက်အသွယ်နဲ့ ဝင်လာတယ်၊ ကော့သောင်းမှာ Border Pass စာအုပ်လုပ်ပြီး လှေနဲ့ ရနောင်းဘက်ကမ်းကို ကူးလာတယ်။ ရနောင်း ရောက်တော့ ပွဲစားက ကားနဲ့လာခေါ်တယ်၊ ဒါပေမဲ့ သူတို့ကို တောင်ခြေက တောထဲမှာ ချထားခဲ့ပြီး ကားပြန်ထွက်သွားတယ်၊ တောထဲမှာ ယောင်လည်လည်ဖြစ်နေတုန်း တာဝန်ရှိသူတွေနဲ့ တွေ့တာလို့ ပြောပါတယ်။
ပွဲစားကိုတော့ ငွေမချေရသေးကြောင်း၊ မလေးရှားရောက်မှာ ဆွေမျိုးက အပြီးအစီး ငွေချေပေးမှာလို့ ပြောသွားပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို တွေ့တဲ့နေရာဟာ ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ဖဒို့မြို့နယ်ဘက်ကိုသွားတဲ့ တောလမ်း ဖြစ်တယ်။ ခုရက်ပိုင်းအတွင်း တာဝန်ရှိသူတွေက လုံခြုံရေကင်း အထပ်ထပ်ချထားတာကြောင့် ရှေ့ကို ဆက်မသွားရဲတော့ဘဲ သူတို့ကို ထားပစ်ခဲ့တာလို့ သုံးသပ်ပါတယ်။
စွန့်ပစ်ခံရသူတွေကို တာဝန်ရှိသူတွေက အစာရေစာနဲ့ ရှေးဦးသူနာပြုစုပေးပြီး တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ကပွေးမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့လကလည်း ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်၊ လန်ဆွန်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာပြီး ကားထဲ အသက်ရှူမွန်းကြပ် သေဆုံးသွားတဲ့ အလောင်း ၂ လောင်းနဲ့ ရိုဟင်ဂျာ ၂၆ ယောက်ကို ပွဲစားက တောထဲစွန့်ပစ်ထားခဲ့ပါသေးတယ်။
Source: Khaosod / CH7 TV News