Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာလုပ်သားများ တင်ဆောင်လာသည့် ပစ်ကပ်ကားနှင့်  ကုန်ကားတိုက်မိ၊ ၄ ဦးသေ
DVB
·
November 6, 2024
Photo-bangkokpost

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီခရိုင်ထဲက ထာ့ချနာဒေသတွင်းမှာ မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ဘောက်စ်ပစ်ကပ်ထရပ်ကားတစီးနဲ့ နောက်တွဲကုန်တင်ယာဉ်တစီးတို့ တိုက်မိခဲ့တာကြောင့် ၄ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Bangkok Post သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ၆ ရက်မနက်အစောပိုင်း ၂ နာရီ ၄၂ မိနစ်လောက်က တောင်ဘက်အာရှ အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထာ့ချနာရဲစခန်းကို ကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဆီ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ရောက်ရှိချိန်မှာတော့ လမ်းညာဘက်လမ်းမှာ ရပ်တန့်နေတဲ့ စမွတ်ပရာကန် လိုင်စင်နံပါတ်ပြားတပ်ဆင်ထားတဲ့ ၁၈ ဘီး နောက်တွဲကုန်တင်ယာဉ်ကို တွေ့ရှိရပြီး သူ့နောက်မှာတော့ ရှေ့ပိုင်းတွေ ထိခိုက်ပျက်စီးနေတဲ့ ဘန်ကောက်မှတ်ပုံတင်တင်ထားတဲ့ ဘောက်စ်ပစ်ကပ်ထရပ်ကားကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အခင်းဖြစ်ရာနေရာမှာ ပစ်ကပ်ကားဒရိုင်ဘာနဲ့ ခရီးသည် ၂ ဦး အပါအဝင် သေဆုံးသူ ၃ ဦးကို တွေ့ရှိခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ခရီးသည် ၁၀ ဦး ရှိခဲ့ပြီး ခရီးသည်အားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးကိုတော့ ထာ့ ချနာဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပေမဲ့ တယောက်ကတော့ သေဆုံးသွားခဲ့ပြီး ကျန်တဲ့ ခရီးသည် ၃ ဦးကိုတော့ ချိုင်ရာဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့က အနီးနား လမ်းဘေး တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ တခြား မြန်မာ အလုပ်သမား ၂ ဦးတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ ပစ်ကပ်ကားဟာ ဘန်ကောက်ကနေ တောင်ပိုင်းခရိုင် ဖာသာလန်းဒေသဆီ ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ဆောင်သွားဖို့ လုပ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ပစ်ကပ်ကားဒရိုင်ဘာဟာ အိပ်ပျော်သွားတာ၊ ဒါမှမဟုတ် အရှိန်လွန်မောင်းနှင်လာပြီးတော့ နောက်တွဲကုန်တင်ယာဉ်နောက်ဘက်ကို ဝင်တိုက်မိတာဖြစ်နိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အဆိုပါမြန်မာခရီးသည်တွေအားလုံးဟာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူတွေ ဖြစ်နိုင်ကြောင်းလည်း သံသယရှိနေကာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

sources-bangkokpost

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013