Home
မြန်မာသတင်း
ထိုင်းမှတဆင့် မလေးရှားသွားမည့် တရားမဝင်မြန်မာအယောက် ၂၀ ကျော် ဖမ်းဆီးခံရ
DVB
·
November 13, 2024
Photo-Bangkok Post

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၄ ဦးကို ထိုင်းယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

သူတို့အုပ်စုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တဲ့ အဖွဲ့က ဟက်ရိုင်ခရိုင်ထဲမှာ နိုဝင်ဘာ ၁၂ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ခရိုင်တွင်း ဖထုံဒေသထဲက လမ်းမတခုပေါ်က ပစ်ကပ်ထရပ်ကားတစီးကို ကြားဖြတ် တားဆီး စစ်ဆေးခဲ့ချိန်မှာ အသက် ၇၀ အရွယ် ထိုင်းလူမျိုးယာဉ်မောင်း ဝိချန်း ပင်က အီအိုနဲ့အတူ မြန်မာနိုင်ငံသား ၃ ဦးကို တွေ့ရှိခဲ့ရတာပါ။

အဲဒီနောက် သူတို့ ၃ ဦးကို တွေ့ဖို့ ရောက်လာတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအမျိုးသားတဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ အဆိုပါ အမျိုးသားဟာ မလေးရှားနိုင်ငံဆီ တရားမဝင် ပို့ဆောင်ပေးမယ့် လူတွေ ရောက်မလာခင်အချိန်ထိ သူတို့ကို စောင့်ရှောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ထပ်မံစုံစမ်းစစ်ဆေးမှုတွေအရ ဟက်ရိုင်ခရိုင်ထဲက အခန်းတွဲ ၃ ခန်း မှာ မြန်မာနိုင်ငံဘက်က တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို သွားရောက်ဖို့ စောင့်ဆိုင်းနေသူ ၂၁ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေက စစ်ဆေးချိန်မှာတော့ ထိုင်းယာဉ်မောင်း မစ္စတာ ဝိချန်းက သူ့အနေနဲ့ အဆိုပါ တရားမဝင် မြန်မာတွေကို တယောက်ကို ဘတ် ၁,၅၀၀ နှုန်းနဲ့ ဆူရတ်ဌာနီခရိုင်ကနေ ဟက်ရိုင်ခရိုင်ဆီ ပို့ဆောင်ပေးခဲ့တာလို့ ပြောပါတယ်။

လတ်တလောမှာတော့ အဆိုပါ ထိုင်းယာဉ်မောင်းနဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေ အားလုံးကို ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဉပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကာ နိုင်ငံဖြတ်ကျော် လူမှောင်ခို ကွန်ရက်နဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Source/Photo-bangkokpost

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013