ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ နှစ်စဉ် ကျင်းပတဲ့ တန်ဆောင်မုန်းလပြည့်နေ့ ပန်းမီးဖောင် မျှောပွဲအတွင်း စွန့်ပစ်ပစ္စည်းတွေ လျှော့ချနိုင်ရေး ဒစ်ဂျစ်တယ်ပန်းမီးဖောင်တွေကို ပိုသုံးစွဲလာပါတယ်။
ရေပေးဝေမှုအတွက် မြစ်နတ်ဘုရားမကို ကျေးဇူးတင်ပြီး ရေကို ညစ်ညမ်းစေမိလို့ နောင်တရတဲ့အနေနဲ့ ထိုင်းလူမျိုးတွေဟာ နှစ်စဉ် နိုဝင်ဘာလရဲ့ ပထမလပြည့်နေ့မှာ လွိုင်ကထုံ လို့ခေါ်တဲ့ ပန်းမီးဖောင်မျှောတဲ့ ပွဲတော်ကို နှစ်စဉ် ကျင်းပကြတာပါ။
ရိုးရာဓလေ့အရ ‘ကထုံ’ လို့ ခေါ်တဲ့ ရေပေါ်ပန်းတောင်းတွေကို မျှောဖို့ စုရုံးကြပြီး ဆုတောင်းမေတ္တာ ပို့သကြပါတယ်။
ပန်းဖောင်တွေကို ငှက်ပျောတုံး ငှက်ပျောရွက်တွေနဲ့ ပြုလုပ်ထားပြီး အလှဆင်ထားတဲ့ ပန်းတွေ၊ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေလည်း ပါပါတယ်။
တချို့က ပန်းမီးဖောင်ကို ဖော့တုံးတွေနဲ့ လုပ်ကြပေမယ့် ရေလမ်းကြောင်းမှာ အမှိုက်များတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ တားမြစ်ပိတ်ပင်ခဲ့တာပါ။
မကြာသေးခင်ကစပြီး ပန်းမီးဖောင်ကို ရေမှာ အလွယ်တကူပျော်ဝင်နိုင်တာနဲ့ ငါးစာဖြစ်လာစေဖို့ ပေါင်မုန့် ဒါမှမဟုတ် ထမင်းခြောက်မုန့်ကို သုံးလာခဲ့ပေမယ့် တညတည်းမှာ ပန်းမီးဖောင်တွေ အခုရေ သိန်းချီကို ရေစီးကြောင်းတွေထဲ မျှောခဲ့ကြလို့ အမှိုက်သရိုက်တွေ ရုတ်တရက် ပေါများလာခဲ့တာပါ။
အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ရေနေသတ္တဝါတွေရဲ့ အသက်အန္တရာယ်နဲ့ ရေလမ်းကြောင်း ညစ်ညမ်းမှုတို့ကို ဖြစ်ပေါ်စေခဲ့လို့ ဘန်ကောက်မြို့တော် အာဏာပိုင်တွေကတော့ ပွဲတော်ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ လျော့ပါးစေဖို့ ဒစ်ဂျစ်တယ်နည်းပညာကို သုံးရေး ပိုမိုအားပေးဖို့ ကြိုးစားနေပါတယ်။
Source: Reuters