Home
မြန်မာသတင်း
ဘန်ကောက်တွင်  ချေးငွေအတိုးမပေးနိုင်သည့် မြန်မာအမျိုးသမီး ၁ ဦး အုပ်စုဖွဲ့ဝိုင်းရိုက်ခံရ 
DVB
·
November 12, 2024
Photo-Hla Khaing F,B

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဘန်ခေါလဲမ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ငွေချေးထားတဲ့ မြန်မာအမျိုးသမီးတယောက် အတိုးငွေမပေးနိုင်လို့ အုပ်စုလိုက် ဝိုင်းရိုက်တာခံခဲ့ရတယ်လို့  အေအေစီ အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့က ပြောပါတယ်။ 

ဘန်ကောက်က နေအိမ်တအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ အသက် ၄၀ အရွယ် မြန်မာ အမျိုးသမီးတယောက်ဟာ ဒီနှစ်ဆန်းပိုင်းက ငွေအသုံးလိုတဲ့အတွက် တိုက်ခန်းချင်းကပ်လျက် မြန်မာအလုပ်သမား တယောက်ထံကနေ  ဘတ်ငွေ ၁၂,၀၀၀ ဘတ်ချေးငှါးခဲ့တယ်၊ အတိုးနှုန်းမှာ ၁၀၀ ကို ဘတ် ၂၀ ပေးရတာကြောင့် တလကို ဘတ် ၂၅၀၀ ပေးရတယ်၊  ခုလပိုင်းတွင်း ငွေ ရေးကြေးရေးကျပ်တည်းလို့  အတိုးမပေးနိုင်တာကြောင့် ကြွေးရှင်မြန်မာက အပေါင်းအသင်း တွေနဲ့ ဝိုင်းရိုက်တာလို့   အေအေစီအလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီး က ပြောပါတယ်။

“အရိုက်ခံရတဲ့အမျိုးသမီးက ကလေးတယောက်အမေပါ၊ သူ့ကလေးက မိန်းကလေး၊ မွေးစာရင်းမှာ ယောကျ်ားလေးလို့ဖော်ပြထားတော့ ကလေးကိုကျောင်းအပ်လို့မရဘူး။ အထောက်အထားမှာ လိင်ပြောင်းဖို့  ငွေလိုတယ်။ ပြီးတော့ သူ့ပတ်စပို့ အလုပ်သမားကတ် သက်တမ်းတိုးဖို့ ငွေလိုတယ်၊ ဒါကြောင့် သူက အခန်းဘေးက မြန်မာအလုပ်သမားဆီမှာ ၁၀၀ ကို ဘတ် ၂၀ အတိုးနှုန်းနဲ့ပိုက်ဆံချေးထားတယ်။ ဒါပေမဲ့ ငွေကြေးမပြေလည်လို့ အတိုးမပေးနိုင်တာ ၂ လရှိပြီတဲ့၊ အဲဒါနဲ့ ကြွေးရှင်က အတိုးကို ဘတ် ၃၀၀၀ ထိတိုးတောင်းတယ်။ သူကမပေးနိုင်ဘူးလို့ တောင်းပန်ပေမဲ့မရဘူး။ နိုဝင်ဘာ ၆ ရက်ညက သူ့အပေါင်းအသင်း ထိုင်းတွေပါခေါ်လာပြီး ဝိုင်းထိုးကြိတ်တာ။”

အဆိုပါအမျိုးသမီးမှာ ထိုးကြိတ်ဒဏ်ရာကြောင့် နားကွဲပြီး ပေါင်ရင်း ၊ ခြေသလုံး စတဲ့နေရာတွေမှာ ပွန်းပဲ့ဒဏ်ရာရသွားပါတယ်။ အတွင်းကြေဒဏ်ရာအခြေအနေမှာ ဆေးရုံက စစ်ဆေးနေဆဲဖြစ်ပြီး နိုဝင်ဘာ ၇ ရက်မှာ အေအေစီအဖွဲ့ထံ လာရောက်အကူအညီ တောင်းခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် အေအေစီအဖွဲ့က ဝပ်ဖယားကိုင်းနယ်မြေရဲစခန်းမှာ ကိုယ်ထိလက်ရောက်စော်ကား ခံရမှုနဲ့ အမှုဖွင့်ပေးခဲ့တယ်။ ရဲစခန်းကလည်း ကြွေးရှင်ပါခေါ်ပြီး ညှိနှိုင်းပေးတယ်။  အမျိုးသမီးက သမီးရဲ့ရွှေနားကပ်ရောင်းချပြီး ချေးထားတဲ့ငွေတွေ ပြန်ဆပ်ပေးလိုက်တော့ ငွေပြဿနာပြီးဆုံးသွားတယ်။ ကြွေးရှင်ကတော့ ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုအတွက် တရားရင်ဆိုင်ရမှာဖြစ်တယ်။ အမှုအကြီးအသေးက ဆေးရုံက ဆေးစစ်ချက်ပေါ်မူတည်တယ်လို့ ဆိုပါတယ်။ 

ထိုင်းမှာ ငွေတိုးနှုန်းကို ဘတ် ၁၀၀ လျှင် ၁၀ ရာခိုင်နှုန်းထက်ပိုမယူရဘူးလို့ သတ်မှတ် ထားပေမဲ့ အမျိုးသမီးပေါ်  ၂၀ ရာခိုင်နှုန်းယူတာ ကူညီရာမရောက်ဘူးလို့ ရဲစခန်းက ပြောတဲ့အကြောင်းနဲ့ ဒီကိစ္စပေါ်တော့ အရေးယူတာမရှိဘူးလို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013