Home
မြန်မာသတင်း
ဘန်ကောက်တွင် ‌ရေခဲမုန့်လုပ်ရောင်းသည့် မြန်မာ ၂ ဦး ဖမ်းဆီးခံရ 
DVB
·
November 7, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင်ရေခဲမုန့် ထုတ်လုပ်ရောင်းချတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဘန်ကောက် ဘန်ခွန်ထိန်းနယ်မြေ၊ ဆမဲဒမ်မြို့နယ် ဘန်ကထီရပ်ကွက်ထဲမှာ တရားမဝင်ရေခဲမုန့် ထုတ်လုပ်ရောင်းချနေကြောင်း စုံစမ်းသိရှိရတဲ့အတွက် လဝကရဲနဲ့ နယ်မြေခံရဲတွေ ပေါင်းပြီး  ၂၀၂၄ နိုဝင်ဘာ ၆ ရက်  မနက်မှာ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။ 

ဒီမတိုင်ခင်က လူမှုကွန်ရက်မှာ ပုဆိုးဝတ်နဲ့ လူအချို့  အိမ်ရှေ့မှာ ရေခဲမုန့်လုပ်နေတဲ့ ပုံတွေ၊ လူမှု ကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ရေခဲမုန့်လုပ်တဲ့နေရာမှာ သန့်ရှင်းသပ်ရပ်မှု မရှိတဲ့အပြင် ထုတ်လုပ်တဲ့ လူတွေကလည်း ဦးထုပ်မပါ၊ ဝတ်စုံသီးသန့်မရှိဘဲ ဖြစ်သလိုဝတ် ဖြစ်သလိုလုပ်နေကြလို့  ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ 

ထိုင်းပြည်သူတွေက အဆိုပါဗွီဒီယိုကလစ်ကို ရဲစခန်းကို ပို့ပေးခဲ့လို့ ရဲဘက်က လိုအပ်သလိုစုံ စမ်းထောက်လှမ်းပြီး အဲဒီနေရာကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။ 

ရေခဲမုန့်လုပ်တဲ့နေရာဟာ နံပါတ်တောင်မရှိတဲ့ အငှားနေအိမ်တစ်လုံးဖြစ်ပြီး သန့်ရှင်းသပ်ရပ်မှုမရှိ၊ မုန့်ထုတ်လုပ်ရောင်းချလိုင်စင် မရှိ၊ ထိုင်းနိုင်ငံ ဆေးဝါးနဲ့ အစားအစာကွပ်ကဲရေးဌာနရဲ့  ထောက်ခံစာမရှိဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ထုတ်လုပ်သူလို့ ဝန်ခံထားတဲ့ မြန်မာလုပ်သား ၂ ယောက်မှာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန် Over Stay  ဖြစ်နေပြီး အလုပ်သမားကတ်လည်း မရှိတာကြောင့်  လိုအပ်သလို အရေးယူဖို့ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: Thai Rath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013