ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာ ၃ ယောက်နဲ့ တရုတ် ၂ ယောက် ပါတဲ့အဖွဲ့က တရုတ် နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးပြန်ပေးဆွဲသွားပြီး ဘတ်ငွေ ၄ သန်းကျော် ယူဆောင်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပြန်ပေးဆွဲခံရပြီး ပြန်လွှတ်လာတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ အောက်တိုဘာ ၂၀ ရက်ညက ဘန်ကောက် ဆူထိဆန်နယ်မြေရဲတပ်ဖွဲ့ထံ စီစီတီဗွီကင်မရာပါ သက်သေအထောက်အထားနဲ့အတူ လာရောက်တိုင်ကြားထားလို့ ဆိုပါတယ်။
သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် ညနေ ၄ နာရီလောက်က ဘန်ကောက် ဟွေ့ခဝမ်နယ်မြေ ဆူထိဆွန်ရပ်ကွက် ရာ့ချ်ဒါး ၂၄ လမ်းရှိ အိမ်ရှေ့အလုပ်ခန်းမှာ ထိုင်နေစဉ် ကဲပ်ဦးထုပ်ဆောင်းထားသူ ၂ ယောက် ဝင်ရောက်လာတယ်၊ အဲဒီနောက် ရိုးရိုးဦးထုပ်ဆောင်းထားသူ ၂ ယောက် လိုက်ဝင်လာတယ်၊ သူတို့အားလုံး လက်ထဲမှာ ပစ္စတိုနဲ့ ပြောင်းရှည်သေနတ်တွေ ကိုင်ထားတယ်၊ အရင်လာတဲ့ ၂ ယောက်က တရုတ်စကားပြောပြီး သေနတ်နဲ့ချိန်ကာ သူတို့ဆီမှာရှိတဲ့ ဘတ်ငွေ ၃,၂၀၀,၀၀၀ ကိုလည်းယူတယ်၊ လူကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
သူတို့ကို နခွန်းနားယုဒ်ခရိုင်သို့ ဦးတည်ခေါ်ဆောင်သွားတယ်၊ လမ်းမှာလည်း နောက်ထပ် အမေရိ ကန်ဒေါ်လာ ၆ သိန်းလွှဲပေးဖို့ ပြောတယ်။ ပြန်ပေးဆွဲခံရသူတွေက ငွေမရှိတာကြောင့် အသိမိတ်ဆွေတွေဆီ လှမ်းချေးငှားရာမှာ အမေရိကန်ဒေါ်လာ ၂ သိန်း ၇ သောင်း လွှဲလာပေးကြတယ်။ အဲဒီနောက်မှ ဘန်ကောက် နာဝါမင်နယ်မြေရှိ လမ်းဘေးတနေရာမှာ လာချထားပေးတယ်၊ သူတို့ကို ခြေရာခံလို့မရအောင် အဖမ်းခံရသူတွေရဲ့ ဖုန်းဆင်မ်းကတ်တွေ ဖြုတ်သွားပြီး လမ်းဘေးမှာ လွှင့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
နခွန်ဘန် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဒီအမှုကို ကိုင်တွယ်ပြီး တရားခံတွေ ဖမ်းဆီးအရေးယူနိုင်ဖို့ အပူတပြင်းစုံစမ်းနေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - ThaiPBS / Khaosod / NBT News