ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ထဲမှာ ကားတစီးထဲ ညှပ်ပိတ်ပြီး လိုက်စီးလာတဲ့ ရိုဟင်ဂျာတွေ အသက်ရှူမွန်းကြပ်ပြီး ၃ ယောက် သေဆုံးသွားကာ ပွဲစားက တောထဲမှာ စွန့်ပစ်ပြီး ထွက်ပြေးသွားတယ်လို့ 3Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၇ ရက်က ထိုင်းဘုန်းကြီးတွေ ခရီးထွက်လာစဉ် လန်ဆွန်မြို့နယ် ဝမ်းတကောအုပ်စုနား ရောက်တော့ အသက် ၁၅ နှစ်ရွယ် လူငယ်တယောက် တောထဲကနေ ပြေးထွက်လာပြီး တစုံတရာပြောဆိုခဲ့တယ်၊ လူငယ် ပြောတဲ့စကားဟာ ထိုင်းဘာသာ မဟုတ်လို့ ဘုန်းကြီးက နားမလည်ဘူး၊ ဒါပေမဲ့ ဒုက္ခရောက်လို့ အကူအညီတောင်းပုံပေါက်နေတော့ ရဲကို ဖုန်းဆက်လိုက်တယ်၊ ရဲတွေရောက်လာတော့ လူငယ်က တောအုပ်ထဲ ခေါ်သွားရာမှာ အားပြတ် လဲကျနေတဲ့ လူ ၁၀ ယောက်လောက်ကို တွေ့ရတယ်၊ အဲဒီထဲမှာ ၂ ယောက်က သေဆုံးနေပြီး ၇ ယောက် သတိလစ်နေတယ်၊ ကျန်တဲ့သူတွေမှာတချို့က ပါးစပ်ထဲ အမြှုပ်တွေထွက်နေလို့ နီးစပ်ရာဆေးရုံကို ပို့ပေးခဲ့တယ်၊ ဆေးရုံရောက်တော့ နောက်တယောက် ထပ်မံသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲက ဘာသာပြန်ခေါ်ပြီး စစ်ဆေးမေးမြန်းရာမှာ သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဖြစ်တယ်၊ ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံ ဆက်သွားဖို့ဖြစ်တယ်၊ ထိုင်း နိုင်ငံကို မြဝတီ-မဲဆောက်လမ်းကနေ ဝင်လာပြီး ပွဲစားက လာကြိုတယ်။ သူတို့အသုတ်မှာ လူ ၇၀ ကျော်ရှိပြီး သူတို့စီးလာတဲ့ကားကတော့ ၂၆ ယောက် (ကျား ၂၁၊ မ ၅ ဦး) တင်လာတယ်၊ ဟိုင်းလပ်စ်ကားအနောက်မှာ သံထည်နဲ့ ကွန်တိန်နာလုပ်ထားတယ်၊ သူတို့ ၂၆ ယောက်ဟာ အဲဒီ ကွန်တိန်နာထဲမှာ မွန်းကြပ်စွာ လိုက်လာပြီး ထမင်းလည်း မစားရ၊ ရေလည်း မသောက်ရတာကြောင့် မနေနနိုင်တော့လို့ ကားရပ်ပေးဖို့ အော်ပြောခဲ့တယ်။ ကားသမားက ကွန်တိန်နာကို ဖွင့်လိုက်ရာမှာ လူ ၂ ယောက် သေဆုံးနေတာတွေ့ကို တောအုပ်ထဲ သွားပစ်ထားတယ်။ ကျန်တဲ့သူတွေကိုလည်း ကားပေါ်ကနေ အကုန်ဆင်းခိုင်းပြီး အမြန်မောင်းထွက်သွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက တောထဲကို လူစုခွဲပြီး လိုက်ရှာရာမှာ ပုန်းအောင်းနေသူ ၁၀ ယောက်ကျော်ကို ဖမ်းဆီးရမိပြီး ရဲစခန်းပို့လိုက်တယ်၊ အားလုံးဟာ အသက် ၁၅ နှစ်နဲ့ ၅၀ ကြား လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်တယ်၊ ရခိုင်ကနေ မလေးရှားအရောက် ပွဲစားကို ဘတ် ၁၅၀၀၀၀ လောက် ပေးရမယ်၊ မြဝတီမြို့နယ်မှာလည်း ထိုင်းထဲဝင်ဖို့ စောင့်နေသူ ၃၀၀ လောက်ရှိသေးတယ်လို့ ဆိုပါတယ်။
ရဲတွေက စီစီကင်မရာ ဖွင့်ပြီး ထွက်ပြေးသွားတဲ့ကားနောက် လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်။ အောက်တိုဘာ ၁၈ ရက်မှာတော့ ဖစ်ချ်ဘူရီခရိုင် ချအမ်းမြိုမြို့မှာ နိုင်းဖိထတ်နဲ့ နိုင်းဆစ်ဆန်ဆိုသူ ထိုင်း ၂ ဦးကို သက်သေခံကား ၂ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဓာတ်ပုံ ရိုက်ပြီး စွန့်ပစ်ခံရသူတွေကို ပြန်ပြရာမှာ ယာဉ်မောင်းသမား ဟုတ်မှန်ကြောင်း ပြောတယ်၊ နောက်တယောက်ကတော့ ရှေ့ကနေ လမ်းပြပေးတဲ့ကားကို မောင်းနှင်သူ ဖြစ်ပါတယ်။ နောက်ထပ် အလိုတူအလိုပါ တယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲလို့ ဆိုပါတယ်။
သူတို့ဟာ အဲဒီလူတွေကို တာ့ခ်ခရိုင် မဲဆောက်ကနေ ဆုန်ခလာခရိုင်အထိ ပို့ပေးဖို့ ပွဲစားက စေခိုင်းလို့ ခေါ်လာခဲ့တယ်။ ခရီးလမ်းတထောက်စီကို တာဝန်ခွဲဝေပြီး မောင်းနှင်လာတယ်၊ ပွဲစားကတော့ ဖုန်းထဲကနေပဲ ဆက်သွယ်လို့ ဘယ်သူဘယ်ဝါမှန်း မသိဘူး၊ ငွေအများကြီးရလို့ ဒီအလုပ်ကို လက်ခံခဲ့တာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို အထောက်အထားမဲ့သူတွေကို နိုင်ငံထဲ ခေါ်ဆောင်လာမှု၊ မရည်ရွယ်တဲ့ လူသတ်မှု၊ အလောင်းဖျောက်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: Thairath / 3Plus News / matichon