နိုင်ငံတကာဘဏ်တွေကို ပစ်မှတ်ထားကာ ကျားဖြန့်အွန်လိုင်း လိမ်လည်နေတယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂၃၀ ကျော်ကို သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးက အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
“သူတို့က နိုင်ငံခြားဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို အဓိက ပစ်မှတ်ထားပြီးတော့ လုပ်ဆောင်နေကြတာပါ”လို့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်သ်က ပြောပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာမှာ ကွန်ပျူတာ အလုံး ၂၅၀ နဲ့ မိုဘိုင်းလ်ဖုန်းအလုံး ၅၀၀ တို့ကို သိမ်းဆည်း ရမိခဲ့ပြီး ဒီကျူးလွန်မှုတွေကနေ ငွေကြေးပမာဏ ဘယ်လောက် လိမ်လည်ရယူခဲ့တယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ကိုလံဘိုမြို့က သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ သူတို့အနေနဲ့ သီရိလင်္ကာရဲတပ်ဖွဲ့နဲ့အတူ အထူးစစ်ဆင်ရေးဆောင်ရွက်ဖို့ အဖွဲ့တဖွဲ့ စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။
အကြီးမားဆုံး စီးနင်းမှုအနေနဲ့က အောက်တိုဘာ ၁၂ ရက်မှာ တရုတ်နိုင်ငံသား အမျိုးသား ၁၂၆ ဦးနဲ့အတူ ဗီယက်နမ်နိုင်ငံသား ၂ ဦး၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦးစီ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်သံရုံးဘက်ကတော့ တရုတ်အနေနဲ့ “သီရိလင်္ကာနိုင်ငံနဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင်လုပ်ဖို့ အဆင်သင့်ရှိနေတယ်” လို့ ထုတ် ပြန်ထားပါတယ်။
ဇွန်လတုန်းကလည်း သီရိလင်္ကာရဲတပ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံသား အများစုပါဝင်တဲ့ ကျားဖြန့် အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေ လုပ်ဆောင်တယ်လို့ သံသယရှိသူ အယောက် ၂၀၀ ကို ဖမ်းဆီး ခဲ့ပါတယ်။
Source: AFP/ CNA