Home
နိုင်ငံတကာ
နီပေါတွင် ရဟတ်ယာဉ်ပျက်ကျပြီး တရုတ်နိုင်ငံသား ၄ ဦးအပါအဝင် ၅ ဦး သေဆုံး
DVB
·
August 8, 2024
Photo-Reuters

နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူရဲ့ အပြင်ဘက်မှာ ဩဂုတ် ၇ ရက်က ရဟတ်ယာဉ်ပျက်ကျပြီး လူ ၅ ဦး သေဆုံးကာ တဦးရဲ့အလောင်းက အပိုင်းပိုင်းပြတ်သွားခဲ့တယ်လို့ အခင်းဖြစ်နေရာမှာ ရောက်နေတဲ့ မျက်မြင်သက်သေတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရဟတ်ယာဉ်ဟာ မီးလုံးကြီးလို လောင်ကျွမ်းသွားခဲ့တာလို့ ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒေသခံ ဘီယာ ဘဟာဒူး တာမန်က ပြောပါတယ်။

ရဟတ်ယာဉ်ဟာ ဗုဒ္ဓဟူးနေ့က ပျံတက်ပြီး မကြာခင် ပျက်ကျလို့ ရဟတ်ယာဉ်ပေါ်ပါတဲ့လူ ၅ ဦးစလုံး သေဆုံးခဲ့တယ်လို့ အရာရှိတယောက်က ပြောပါတယ်။

ဒါဟာ ၂၀၀၀ ခုနှစ်ကစပြီး ခုထိ တောင်ထူတဲ့ နီပေါနိုင်ငံမှာ လေယာဉ်ပျက်ကျမှု တဒါဇင်ကျော်အတွင်း နောက်ဆုံးဖြစ်ရပ်ပါ။

ဒိုင်နက်စတီ အဲရ် ကုမ္ပဏီက စီမံခန့်ခွဲနေတဲ့ ရဟတ်ယာဉ်ဟာ မြို့တော်ကနေ ၃၅ မိုင်အကွာ နူဝါကော့ခရိုင်ထဲက ရှိဗာပူရီ အမျိုးသားဥယျာဉ်ထဲကို ပျက်ကျခဲ့တာလို့ ခရိုင် ဒုအကြီးအကဲ ခရစ်ရှ်နာ ပရာဆဒ် ဟူမာဂါအင်က ပြောပါတယ်။

ခရီးသည် ၄ ယောက်စလုံးက တရုတ်နိုင်ငံသားတွေဖြစ်ပြီး ရဟတ်ယာဉ်မှူးက နီပေါ နိုင်ငံသား အမျိုးသားဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ဒန် ဘဟာဒူး ခါခီက အတည်ပြုပါတယ်။

ဒေသခံတွေက တောမီးတွေ ထွက်လာတာကို တွေ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ခတ္တမန္ဒူမြို့တော်ကနေ ရာဆူဝါခရိုင်ဆီ  ပျံလာတဲ့ ရဟတ်ယာဉ်ဟာ ပျံတက်ပြီး ၃ မိနစ်အကြာမှာ လေကြောင်းထိန်းမျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024