မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို နေရပ်ပြန်ခွင့်ပြုခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ဆီကနေ သိရပါတယ်။
MDY-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “စဥ့်ကူးမြို့နယ်ထဲက ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲတွေကြောင့်ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅ ဦးကို ခေါ်ယူတွေ့ဆုံစစ်ဆေးပြီးတော့ သူတို့ရဲ့သဘောဆန္ဒအတိုင်းဘဲ နေရပ်ပြန်ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်”လို့ DVB ကို ပြောပါတယ်။
အဆိုပါ တရုတ်နိုင်ငံသား ၁၅ ဦးရဲ့ မြန်မာနိုင်ငံထဲရောက်ရှိနေတဲ့အကြောင်းရင်း၊ အလုပ်အကိုင်နဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ လျို့၀ှက်ကိစ္စဖြစ်တဲ့အတွက် MDY PDF အနေနဲ့ ထုတ်ပြန်ပေးသွားမှာမဟုတ်ဘူးလို့လည်း မန္တလေး PDF က ပြောပြပါတယ်။
စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က သြဂုတ် ၄ ရက်အထိ လေကြောင်းကနေ အတွဲလိုက်ဗုံးတွေကြဲချနေတဲ့အတွက် ဒေသခံပြည်သူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြလို့ ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေ ဆီကနေ သိရပါတယ်။
အဆိုပါတရုတ်နိုင်ငံသား ၁၅ ဦးကို သြဂုတ် ၄ ရက်မှာ နေရပ်ပြန်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
MDY PDF ရဲ့ တာ၀န်ရှိသူတဦးက “နေရပ်ပြန်ချင်ကြတဲ့ သူတို့တရုတ်နိုင်ငံသား ၁၅ ဦးကို ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေအဆုံးတနေရာအထိ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
စဉ်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။