Home
မြန်မာသတင်း
မြို့ပြစစ်ဆင်ရေးကာလ တပ်ဖွဲ့ဝင်များလိုက်နာရမည့် လမ်းညွှန်ချက် မန္တလေး PDF ထုတ်ပြန်
DVB
·
July 16, 2024

မြို့ပြစစ်ဆင်ရေးကာလအတွင်း မန္တလေး PDF တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မြို့ပြစစ်ဆင်ရေးတွေ ဆောင်ရွက်ကြတဲ့အခါမှာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာကျင့်သုံးရမယ့် လမ်းညွှန်ချက်တွေသာမက ပြည်သူတွေကိုလည်း သိစေချင်တာကြောင့် အခုလို ထုတ်ပြန်တာလို့ မန္တလေး PDF ရဲ့ တာဝန်ခံတဦးက DVB ကို ပြောပြပါတယ်။

လမ်းညွှန်ချက်ထဲမှာ မြို့ရွာတွေကို သိမ်းပိုက်ထိန်းချုပ် ထိုးစစ်ဆင်ရာမှာ တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ အရေးပေါ်အခြေအနေ ဖြစ်ပေါ်တဲ့အခါ လိုက်နာဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေဆိုပြီး အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။

မြို့ရွာတွေကို သိမ်းပိုက်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်ရာမှာ အရပ်သားပြည်သူတွေကို အနိုင်ကျင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ မပြုလုပ်ဖို့၊ ပြည်သူလူထုတွေရဲ့ ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို အနိုင်အထက်ပြုပြီး သိမ်းယူတာတွေ မပြုလုပ်ကြဖို့၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ အပါအဝင် ပြည်သူလူထုဆီကနေ ငွေကြေးကောက်ခံတာတွေ လုံးဝ မပြုလုပ်ကြဖို့ အစရှိတဲ့ အချက် ၁၀ ချက် ပါဝင်တဲ့ စည်းကမ်းချက်တွေကို သတ်မှတ်ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လမ်းညွှန်ချက် ၁၂ ချက်ထဲမှာ မန္တလေး PDF တပ်ဖွဲ့ဝင် အားလုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီတဲ့ ဝတ်စားဆင်ယင် ပြောဆိုနေထိုင်မှု ရှိရမယ့်အပြင် ပြည်သူလူထု အထင်လွဲမှား ငြိုငြင်စေမယ့် အပြောအဆို နေထိုင်အသွင်အပြင်တွေ မဖြစ်စေအောင် ပြုမူနေထိုင်ပြီး ရပ်ရွာအတွင်းနဲ့ အများပြည်သူရှေ့မှာ မူးယစ်သောက်စား ဆူပူရမ်းကားတာ၊ လက်နက်နဲ့ ခြိမ်းခြောက် အနိုင်ကျင့်တာတွေကို အထူးအလေးထား ရှောင်ကြဉ်ကြရမယ်လို့လည်း ပါရှိပါတယ်။

မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူတဦးက “အကြမ်းဖက်စစ်ကောင်စီတပ်က နိုင်ငံတကာ ဥပဒေတွေကို ကျော်လွန်ပြီး ပြည်တွင်းစစ်မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဟာ အများအမြင်ပဲ။ ဒါကြောင့်မို့ လေကြောင်းတိုက်ခိုက်ခံရမှု အပါအဝင် အရေးပေါ်အခြေအနေဆိုတဲ့ အချက် ၆ ချက်ပါတဲ့ ကဏ္ဍကို ညွှန်ကြားချက်မှာ ထည့်သွင်းထားတာပါ” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အပါအဝင် အရေးပေါ်အခြေအနေမှာ မန္တလေး PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတပ်ကို အအုပ်အစည်းမပျက် လှုပ်ရှားဆောင်ရွက်နိုင်ရေး အရာရှိအဆင့်ဆင့်ကနေ အထူးကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်ပြီး လေကြောင်းအန္တရာယ် ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာကြဖို့နဲ့ ဓာတုအဆိပ်ဗုံး၊ မီးလောင်ဗုံး အန္တရာယ် တွေ့ကြုံရပါကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မန္တလေး PDF ရဲ့ ဆေးကုသရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာကြပြီး အဆိုပါဖြစ်စဉ်တွေကို စနစ်တကျ မှတ်တမ်းတင်ထားကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်မှာ အရပ်သားပြည်သူတွေ၊ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကြေညာစာတမ်း၊ ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ချမှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းတွေ အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

ညွှန်ကြားချက်တွေကို တပ်ဖွဲ့ဝင်တွေ ဖောက်ဖျက်ကျူးလွန်ပါက သတ်မှတ်ထားတဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေအတိုင်း တိတိကျကျ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေအတွင်း စစ်ဆင်ရေးဆောင်ရွက်နေပြီး မန္တလေးတိုင်း အတွင်းက မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက် ရရှိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024